Connect with us

Politics, Law & Military

မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ်သွားရေးများ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့ တွေ့ဆုံဆွေးနွေးစဉ်(နိုင်ငံတော်သမ္မတ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ်သွားရေးများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်တို့ ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါတွေ့ဆုံစဉ် ချစ်ကြည်ရင်းနှီးမှုသမိုင်းကြောင်းရှည်လျားသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု အပြန်အလှန် မြှင့်တင်ရေးနှင့် အခြေခံအဆောက် အအုံများ ပိုမိုကောင်းမွန်ရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အိန္ဒိယသမ္မတနိုင်ငံ သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော်တွင် ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်း တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.