Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မင်းပြားမြို့များတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ


ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မင်းပြားမြို့များတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ နေ့ခင်း ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင် (၂၈)နှစ်နှင့်ကြည်ခိုင်(၄၀)နှစ်တို့အား ရှာဖွေစစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား ဖမ်းဆီးရမိပြီး ထွက်ဆိုချက်များအရ ၎င်းတို့မူးယစ်ဆေးဝါးဝယ်ယူခဲ့သည့်စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ဇလွန်လမ်းနေ မအေးအေးဝင်း(ခ)စုလှိုင်(၂၈)နှစ်၏ နေအိမ်သို့ ဆက်လက်ရှာဖွေစစ်ဆေးရာ ၎င်းအမျိုးသမီးနှင့်အတူစိတ်ကြွရူးသွပ်ဆေးပြား ၁၆၈,၈၀၀ ပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံရဲတပ်ဖွဲ့)

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံရဲတပ်ဖွဲ့)

တရားခံမအေးအေးဝင်း(ခ)စုလှိုင်၏ ထွက်ဆိုချက်အရ ၎င်းမူးယစ်ဆေးဝါးဝယ်ယူခဲ့သည့်မခိုင်ခိုင်(၃၂)နှစ်နှင့် နိုင်နိုင်ထွန်း(၂၈)နှစ်တို့ မောင်နှမနှစ်ဦးငှားရမ်း နေထိုင်သော ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာအိမ်ရာ(၁)၊ ရတနာလမ်းရှိနေအိမ်သို့စစ်ဆေးရှာဖွေရာ ၎င်းတို့နှင့်အတူစိတ်ကြွရူးသွပ်ဆေးပြား ၆၇၈၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့ကာ နေအိမ်စောင့် စိုင်းနော်မိန်း(၃၈)နှစ်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ မခိုင်ခိုင်သည်ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး ၎င်းအား စစ်ဆေးချက်အရအောင်မင်္ဂလာအဝေးပြေးဝင်းရှိ ရန်ကုန်-စစ်တွေခရီးသည်တင်ယာဉ်လိုင်း လေးဝတီနှင့် မင်းထက်သာယာဉ်လိုင်းကားဂိတ်များတွင် အဝတ်အထည်များနှင့် ရောနှော၍စိတ်ကြွရူးသွပ်ဆေးပြားများအား စစ်တွေသို့ ပို့ဆောင်ရန် ပေးပို့အပ်နှံထားကြောင်း သိရှိရသဖြင့် ဩဂုတ်လ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် အောင်မင်္ဂလာအဝေးပြေးဝင်းရှိ မင်းထက်သာယာဉ်လိုင်း ခရီးသည်တင်ယာဉ်အမှတ် 6C/xxxx၏ယာဉ်ပစ္စည်းတင်အကန့်အတွင်းမှ ဆာလာအိတ် ၇ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း အားလည်းကောင်း၊ စစ်တွေသို့ ထွက်ခွာသွားပြီးဖြစ်သည့် မင်းထက်သာနှင့် လေးဝတီယာဉ်လိုင်းများပေါ်တွင် ၅ အိတ်စီတင်ပို့ပြီးဖြစ်ကြောင်း သိရှိရသဖြင့် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၃ နာရီတွင်အမ်းမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မင်းထက်သာခရီးသည်တင်ယာဉ် 6C/xxxx ယာဉ်ပေါ်မှဆာလာအိတ် ၅ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၇.၅ သိန်းနှင့် နံနက် ၈ နာရီခွဲတွင် မင်းပြားမြို့၊ ရာမောင်တံတားကူးနေရာတွင် လေးဝတီခရီးသည်တင်ယာဉ် 5Q/xxxx ပေါ်မှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၄၉၉၇၅ပြားအား ရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၇၅,၉၅၅ ပြား(တန်းဖိုး ကျပ်သိန်းပေါင်း ၈၀,၂၇၈ကျော်)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိတရားခံ မခိုင်ခိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၁၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်စဉ် AA အဖွဲ့၏ စည်းရုံးမှုကြောင့် AA အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာAA အဖွဲ့အတွက် စည်းရုံးလူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယခင်ကလည်း ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်များကို အသုံးပြု၍ မူးယစ်ဆေးဝါးများအား ၅ ကြိမ်သိုဝှက်သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့်ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.