Connect with us

Politics, Law & Military

ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာမှ ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအထိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် CANTA ယာဉ်အား MARK-II အမျိုးအစားမော်တော်ယာဉ်ဖြင့် ရှေ့ပြေးလမ်းပြကြပ်မတ်သူအဖြစ် ဆောင်ရွက်သယ်ဆောင်လာကြောင်းသတင်းရရှိခဲ့သဖြင့် နိုဝင်ဘာလ၂၇ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာအနီး Mark II ယာဉ်ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ဖြင့်အသွင်ယူ၍ မူးယစ်ဆေးဝါးသိုဝှက်သယ်ဆောင်ထားသည့် CANTA အမျိုးအစားမော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါ စောင့်ကြည့်ခဲ့ရာ လိပ်သို-ယာဒိုမှတစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိ ဆက်လက်မောင်းနှင် လာခဲ့ကြောင်း၊ အဆိုပါ မော်တော်ယာဉ်အား နိုဝင်ဘာလ ၂၈ ရက်တွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ ရန်ကုန်တိုးဂိတ်အနီးတွင် စစ်ဆေးရှာဖွေရာ ယာဉ်မောင်းနှင့်အတူ CANTA ယာဉ်ကိုယ်ထည်ကြမ်းခင်း အောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၆၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးလက်ခံမည့်သူများကို၎င်းတို့ပေးထားသည့် ဖုန်းနံပါတ်များ အတိုင်းချိတ်ဆက် ဆက်သွယ်ရာ ယာဉ်အားလှိုင်သာယာမြို့နယ်အတွင်းအထိ မောင်းလာခိုင်းသဖြင့် ဆက်လက် မောင်းနှင်ပြီး နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀,၀၀၀ ပြားလက်ခံယူမည့်သူအား မော်တော်ယာဉ်တစ်စီးနှင့်အတူလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်း၊ ၎င်းအားမူးယစ်ဆေးဝါးများသွားရောက်ယူဆောင်ခိုင်းသူအားအင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ လာဘ်မိုးဆွေ(၁)လမ်း၊ အမှတ်(၃၆)တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀,၀၀၀ ပြားအားလက်ခံယူမည့်သူ နှစ်ဦးကို မော်တော်ယာဉ်တစ်စီးနှင့်အတူလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်းအသီးသီးဖမ်းဆီးရမိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ လူရှစ်ဦးအား ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း ထုတ်ပြန်ခဲ့သည်။ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၁.၄၆ ဘီလီယံကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများအား ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ရွှေသံလွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးအမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ ကားခေါင်းနှင့် နောက်ဘော်ဒီကြားအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ် ချက်အရ Suzuki အမျိုးအစားမော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးလမ်းပြယာဉ် အဖြစ်မောင်းနှင်သွားကြောင်းသိရှိရသဖြင့် အဆိုပါ မော်တော်ယာဉ်အား ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားတွင်ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ လူသုံးဦးအား ဉပဒေအရအမှုဖွင့်အရေးယူထားရှိကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.