Connect with us

Politics, Law & Military

Live လွှင့်၍ ငွေစက္ကူ မီးရှို့ပြသူ နှစ်ဦးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်

ငွေစက္ကူအား Live လွှင့်၍ မီးရှို့နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား Live လွှင့်၍ မီးရှို့ပြသူ နှစ်ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

Biggest Shopping & Retail Page တွင် နိုဝင်ဘာ ၂၇ ရက်က အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် Live လွှင့်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ ပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အဆိုပါ Biggest Shopping & Retail Page မှ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့် ၎င်း၏ဇနီးတို့ဖြစ်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)