Connect with us

Politics, Law & Military

ရန်ကုန် ဆေးရုံကြီး ဝင်းအတွင်း ပုဂ္ဂလိက ဆေးရုံ ဆောက်ခွင့် လွှတ်တော်က ပယ်ဖျက်

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန် လမ်းမတော်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်း မြင်သာမှု မရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ရန် ငှားရမ်းခဲ့ခြင်းအား ရပ်ဆိုင်းပေးရန် အဆိုနှင့် ပတ်သက်ပြီး ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦး အပါအဝင် ကိုယ်စားလှယ် ခုနစ်ဦးတို့က ဆွေးနွေးအပြီးတွင် ထိုအဆိုအတိုင်း အတည်ပြုရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဧရာဝတီ တိုင်းဒေသကြီး ရေကြည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းက မေလ ၄ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည့် ထိုအဆိုတွင် ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေ ၄ ဒသမ ၃ ဧကအား ပုဂ္ဂလိကပိုင် ဆေးရုံ ဆောက်လုပ်ရန် ငှားရမ်းပေးခဲ့ကြောင်း၊ ထိုသို့ငှားရမ်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့ကို ခွင့်ပြုပေးခြင်းတို့အား ရပ်ဆိုင်းပေးစေလိုကြောင်း ဖော်ပြထားသည်။
အဆိုပါ မြေကွက်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနီးတွင် တည်ရှိခြင်း၊ ပြည်သူ အများစုသည် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံကြီးများတွင်သာ ဆေးဝါးကုသမှု ခံယူနေကြရခြင်း၊ နောင်အခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ရေးအတွက် အသုံးပြုရန် လျာထားသည့် မြေနေရာ ဖြစ်ခြင်း၊ ပြည်သူ့ ဆေးရုံကြီး၏ အနာဂတ် တိုးတက်ရေး လုပ်ငန်းများ အတွက် မလွဲမသွေ အသုံးပြုရမည့် နေရာ ဖြစ်သောကြောင့် ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ရန် ခွင့်မပြုသင့်သည့် နေရာ ဖြစ်ခြင်း၊ ထိုသို့ ခွင့်ပြုခြင်းသည် အများပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်မှု မရှိခြင်း၊ ပွင့်လင်း မြင်သာမှု မရှိခြင်းတို့ကြောင့် ထိုသို့ ခွင့်ပြုခြင်းကို ရပ်ဆိုင်းသင့်သည်ဟု ဒေါက်တာ စံရွှေဝင်းက လွှတ်တော်သို့ အဆိုတင်သွင်းစဉ်က ရှင်းလင်း ပြောကြားခဲ့သည်။
ထိုအဆိုကို ယနေ့ဆွေးနွေးကြသူ ငါးဦး ကလည်း နိုင်ငံပိုင်မြေ ၄ ဒသမ ၃ ဧကကို ငှားရမ်းခဲ့ရာတွင် တင်ဒါခေါ်ယူရာ၌ ပွင့်လင်း မြင်သာမှု မရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ထားမှုတွင် မည်သူများ ပါဝင် ပတ်သက်မှု ရှိသည်ကိုပါ သေသေချာချာ စုံစမ်း စစ်ဆေး ဖော်ထုတ်သင့်ပါကြောင်း အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေး ဝန်ကြီးဌာနပိုင် အဆိုပါ မြေ ၄ ဒသမ ၃ ဧကကို Parkway အမည်ရှိ စင်ကာပူ ဆေးရုံ ဆောက်လုပ်ရန် ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး မြန်မာ လုပ်ငန်းရှင် အချို့လည်း ပါဝင် ပတ်သက်မှု ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းအိုက်လှနှင့် ဒုတိယ ဗိုလ်မှူးကြီး စိုးစိုးမြင့်တို့ကမူ အဆိုကို ကြားနေ အပြုသဘော ဖြင့် ပါဝင် ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့က ကျန်းမာရေး စောင့်ရှောက်မှုတွင် အရေးပါလာသည့် အရည်အသွေး မြင့်ပြီး တာဝန်ယူမှု တာဝန်ခံမှု ပြည့်ဝသော ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုများ၊ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ ဖွင့်လှစ်နိုင်ရေးကို ထည့်သွင်း စဉ်းစားသင့်သည်ဟု ထောက်ပြ ဆွေးနွေးခဲ့သည်။
သို့ရာတွင် ဆွေးနွေးသူ အများစုက အဆိုကို ထောက်ခံခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးက အဆိုကို ထောက်ခံခြင်း၊ ပြည်သူ့လွှတ်တော်က သဘောတူ ထောက်ခံခြင်း တို့ကြောင့် ထိုအဆိုကို ယနေ့အတည် ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.