Connect with us

Politics, Law & Military

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပြည်သူများ ပါဝင်ခွင့်ကို လက်လွတ်မခံသင့်ဟုဆို

သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သမ္မတ အိမ်တော် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွေးချယ်ကာ ဧပြီလဆန်း၌ ခန့်အပ်ရမည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေများအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအရ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ကိုယ်တိုင်ပါဝင်ခွင့် ရရှိသော မိမိတို့ဆန္ဒဖြင့် ရွေးချယ်ခန့်အပ်ခွင့်ကို လက်လွတ်မခံသင့်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲ၌ တိုက်တွန်းပြောကြားခဲ့သည်။

“ဒီကိစ္စက အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး ယန္တရားရဲ့ အဓိကကျတဲ့ ရွေးချယ်မှု ဖြစ်တယ်၊ ရွေးကောက်ပွဲ လုပ်ရမယ်၊ အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းက သမ္မတရဲ့ သက်တမ်းနဲ့ အတူတူပဲ၊ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသစ် ခန့်ရမယ်၊ ဒီလို ခန့်ဖို့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး ဆောင်ရွက်ခဲ့တယ်၊ နံပါတ် ၁ ကတော့ နည်းဥပဒေတွေ ပြင်လိုက်တယ်၊ နံပါတ် ၂ က နည်းဥပဒေပါ စီမံချက်တွေနဲ့ အညီ time frame ရေးဆွဲထားတယ်၊ နံပါတ် ၃ သူတို့ကို ခန့်အပ်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်၊ ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ ပြည်သူလူထုတွေ စိတ်ဝင်စားစွာ ပါဝင်ကြဖို့၊ ကိုယ့်ရပ် ကိုယ့်ရွာအတွက် ကောင်းတဲ့အုပ်ချုပ်ရေးမှူးရဖို့ကို ကိုယ်တိုင်ရွေးချယ်ရတဲ့ အခွင့်အရေးကို လက်လွတ်မခံဖို့ လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ခဲ့ရာတွင် ယခင်က အားနည်းချက်များ ရှိခဲ့ကြောင်း၊ proper training မရှိသောကြောင့် ဖြစ်ကြောင်း၊ ယခု အစိုးရလက်ထက်၌ အုပ်ချုပ်ရေးမှူး တစ်ယောက်၏ တာဝန်ကို အုပ်ချုပ်ရေးမှူးလက်စွဲ ဟူ၍ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ယောက်၌ ရှိရမည့် အရည်အချင်းများ ပြည့်စုံရန် proper training များ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ COVID-19 ကာလ ထောက်ပံ့ငွေများ ပေးအပ်ချိန်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍသည် ပြောစရာဆိုစရာ၊ အငြင်းပွားစရာများ ပေါ်ပေါက်လာသဖြင့် လူထုက ပိုစိတ်ဝင်စားလာကြောင်း၊ ထိုကဲ့သို့စိတ်ဝင်စားခြင်းမှ ပြည်သူများက “ကိုယ့်အခွင့်အရေး၊ ကိုယ်ရွေးချယ်ပေး” ဟူသည့် “Your Rights! Your Choice!” ဆောင်ပုဒ်အတိုင်း ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

“ပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရ ဘာတွေပိုပြီး ကောင်းမွန်လာသလဲဆိုရင် အရင်နည်းဥပဒေတွေနဲ့ ယှဉ်ရင် ပွင့်လင်းမြင်သာမှုမှာ ပိုပြီးအားသာချက်တွေ ရလာတယ်၊ ရွေးချယ်မှု ပုံစံတွေ ပိုပြီး စနစ်ကျလာတယ်၊ တာဝန်ယူမှု တာဝန်ခံမှုတွေက ပိုပြီး မြင့်မားလာတယ်၊ နောက်တစ်ချက်က ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို ပိုပြီး အလေးထားလာတယ်၊ ရှင်းလင်းပြတ်သားတဲ့ နည်းဥပဒေကြောင့် အုပ်ချုပ်ရေးလုပ်ငန်းကို ပိုမိုတိကျစွာ ဆောင်ရွက်လာနိုင်မယ်၊ ပြည်သူ့ ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ပေါ်လာနိုင်တယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများအထိ ပိုပြီး ပွင့်လင်းမြင်သာ ရှိစေရန် မည်သို့ဆောင်ရွက်ကြမည်၊ မီဒီယာများနှင့် မည်သို့ ဆက်သွယ်ဆောင်ရွက်မည် စသည်တို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ COVID-19 ကာကွယ်၊ ကုသရေး လုပ်ငန်းများအပါအဝင် လူစာရင်းကောက်ခြင်း၊ စည်းမျဉ်း စည်းကမ်း ထိန်းသိမ်းခြင်း စသည့် အမှန်တကယ် အရေးကြီးသည့် အလုပ်များကို လက်တွေ့လုပ်ရသော အရေးပါသူများ ဖြစ်ကြသောကြောင့် နည်းစနစ်ကျကျ ထိထိရောက်ရောက် လုပ်နိုင်ရေးအတွက် Opinion writers များနှင့် ဆွေးနွေးပွဲများ၊ နည်းပညာရှင်များနှင့် အွန်လိုင်းရေနွေးကြမ်းဝိုင်း စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအတွက် ရုံးခန်းထားရှိရေး၊ စာရင်းဇယားများအတွက် ကွန်ပျူတာများ ထားရှိရေးနှင့် ရပ်/ကျေး စာရေးများအတွက် ထိုက်သင့်သည့် အခြေခံလစာပေးရေး စသည်တို့ကိုပါ နိုင်ငံတော်က စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.