Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတက ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြား

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား ဇန်နဝါရီ ၅ ရက်က ပြုလုပ်သော အခမ်းအနားတစ်ခုတွင် မိန့်ခွန်း ပြောကြားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အရေးကြီးလှကြောင်း ၊ ယခုအချိန်အခါသည် ပြည်ထောင်စုဖွားတိုင်းရင်း သား အားလုံးအနေဖြင့် အတိတ်သမိုင်းမှ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး လက်နက်ကိုင်ပဋိပက္ခများ အကြွင်းမဲ့ ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင် ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကောင်းအခါကောင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပေးပို့သည့်သဝဏ်လွှာတွင်လည်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် တွေ့ကြုံလာ ရမည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသားညီနောင်များ အားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမသွေးချင်းအားလုံး အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံ၍ ကမ္ဘာတည်သရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတည်ရှိနေအောင် စည်းလုံးညီညွတ်စွာ ပြည်ထောင်စုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် တိုက်တွန်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးခါစ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့သော ကချင်ပြည်နယ် ကောင်စီညီလာခံ၏ ပထမဆုံးအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများ ကို နှစ်စဉ်ကျင်းပခဲ့သည်မှာ (၇၃) နှစ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) သဝဏ်လွှာ သဝဏ်လွှာ 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.