Connect with us

Politics, Law & Military

COVID-19 ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေ ကန်ဒေါ်လာ ၂ . ၅ သန်းနှင့် ကျပ် သန်း ၁, ၄၀၀ ခန့်ရရှိထားဟုဆို

သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၂.၅ သန်းနှင့် ကျပ် သန်း ၁,၄၀၀ ခန့်ရရှိထားပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်ပေါင်း ရရှိတဲ့ အလှူငွေတွေပါ၊ လူပုဂ္ဂိုလ် ၁၁၇ ဦးက ကျပ်သန်း ၁, ၄၀၀ နီးပါး၊ ပြီးရင် လူပုဂ္ဂိုလ် ငါးဦးက အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ သန်းကျော် ရရှိထားပါတယ်၊ ဒီနေ့ အလှူငွေ မပါသေးပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

Oxford က ထုတ်သည့် Covishield အမည်ရှိ ကာကွယ်ဆေးကို ဝယ်ယူရသည့် အကြောင်းမှာ ယခုဆေးသည် အချို့သော ကာကွယ်ဆေးများကဲ့သို့ အပူချိန် အနုတ် ၇၀ ဒီဂရီတွင် သိုလှောင် ထားရန်မလိုဘဲ မြန်မာနိုင်ငံ၏ ရာသီဥတုအရ သိုလှောင်ထားနိုင်သော အခြေအနေနှင့် ကိုက်ညီသောကြောင့် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ကာကွယ်ဆေးများ ရောက်လာမည်ဟု မျှော်မှန်းထားကြောင်း၊ ကာကွယ်ဆေး ရရှိရေးအတွက် တရုတ်နိုင်ငံနှင့်လည်း ညှိနှိုင်းထားကြောင်း၊ ထို့အပြင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများရရှိရမည့် WHO ၏ ကာကွယ်ဆေး ရရှိရေး လုပ်ငန်းစဉ်များတွင်လည်း မြန်မာနိုင်ငံက ပါဝင်ကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံက ကာကွယ်ဆေး အစောဆုံး အမြန်ဆုံးရအောင် လုပ်ဆောင်သည့် သဘောဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးရပြီး လူဦးရေ ၁၅ သန်း အသုံးပြုနိုင်သည့် Covishield အမည်ရှိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်းသုံးဆယ် ဝယ်ယူရေး သဘောတူစာချုပ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကုန်အမှာစာ ပို့လိုက်ကြောင်း၊ ကုန်ဖိုးငွေကို နှစ်ကြိမ် ခွဲပို့ရမည်ဖြစ်ပြီး တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅ သန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှ ငွေလွှဲပေးပို့ရမည် ဖြစ်ကြောင်း၊ ကျန် ၇၅ သန်းကို ကာကွယ်ဆေး ၁၀ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိအပြီး ပထမဆုံး ရုံးဖွင့်ရက်တွင် ထပ်မံငွေလွှဲပေးပို့ရမှာ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးမည်ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းဦးရေမှာ ၁၁၀, ၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ (Xinhua)