Politics, Law & Military
ရဲသင်တန်းသားများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များကို ဖြည့်ဆည်း မပေးနိုင်လျှင် အဖိုးတန်ရဲများ မွေးထုတ်ပေးရာတွင် ပြဿနာရှိ
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
ရဲသင်တန်းသားများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များကို ဖြည့်ဆည်း မပေးနိုင်လျှင် အဖိုးတန်ရဲများ မွေးထုတ်ပေးရာတွင် ပြဿနာ ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၁) ရဲလေ့ကျင့်ရေး ကျောင်းကို ရဲတပ်ဖွဲ့ သင်တန်းကျောင်းများ၏ စံပြ သင်တန်းကျောင်း အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ထားပြီး လိုအပ်သည့် အခြေခံ လိုအပ်ချက်များကို ကော်မတီဖွဲ့စည်းကာ ညှိနှိုင်းဆောင် ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အမှတ် (၁) ရဲလေ့ကျင့်ရေး ကျောင်းတွင် ကျင်းပသည့် အကြမ်းဖက် တိုက်ဖျက်ရေး အနီးကပ် တိုက်ခိုက်နည်းနှင့် လေ့ကျင့်ရေး သင်တန်းသူများ၏ လက်တွေ့အသုံးချ ဖမ်းဆီးထိန်းသိမ်းနည်း သရုပ်ပြပွဲ အခမ်းအနား အပြီးတွင် ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းကျောင်းအတွင်း အခြေခံလိုအပ် ချက်များဖြစ်သည့် ရဲဝတ်စုံ လုံလောက်မှု ရှိမရှိ၊ လျှပ်စစ်မီး၊ သောက်သုံးရေ ဖူလုံ စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အဆောက်အအုံလိုအပ်ချက်များကို ထောက်ပြ ဆွေးနွေးခဲ့ပြီး အဆိုပါ သင်တန်းကျောင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် ရဲလေ့ကျင့်ရေးကျောင်းများအနက် စံပြသင်တန်းကျောင်းအဖြစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် အခြေခံလိုအပ်ချက်များကို ဦးစွာ ဖြည့် ဆည်း ဆောင်ရွက်ပေးရန် ကော်မတီဖွဲ့စည်းပေးမည် ဖြစ်သည့်အပြင် နိုင်ငံတကာ ရဲသင်တန်းကျောင်းများနှင့် ကိုက်ညီသည့် စံပြ သင်တန်းကျောင်း တစ်ခုအဖြစ် ကြိုးပမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ရဲသင်တန်းသားတွေရဲ့လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်း ပေးနိုင်ရင် အဖိုးတန်တဲ့ ရဲတွေ မွေးထုတ်ပေးတဲ့ နေရာမှာ ပြဿနာ ရှိနိုင်ပါတယ်။ ရဲ သင်တန်းကို အကောင်းဆုံး ဖြစ်အောင် မြှင့်တင်ပေးချင် ပါတယ်။ နေ့ချင်းညချင်း ဖြစ်နိုင်ဖို့ ဆိုတာတော့ မလွယ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ လုပ်ပေးရမှာပါ။ သင်တန်းသားတွေ အနေနဲ့လည်း ဆရာတွေနဲ့ ဆွေးနွေးတင်ပြပြီး အတ္တ မပါဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး တစ်ခုလုံး အဆင့်မြင့်မားလာဖို့ အကြံပြုသင့်တယ်” ဟု သင်တန်းသူ ရဲမေများနှင့် သင်ကြားရေး တာဝန်ခံများအား ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။ (Xinhua)