Connect with us

Politics, Law & Military

စင်ကာပူနိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ ရက်သုံးဆယ် သွားနိုင်ရန် သဘောတူ

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က စင်ကာပူ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသားများ စင်ကာပူနိုင်ငံသို့ပြည်ဝင်ခွင့် မလိုဘဲ ရက်သုံးဆယ် သွားခွင့် အပါအဝင် နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် မဖြစ်ရေး စာချုပ်ကို ခေတ်နှင့် အညီ ပြင်ဆင်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး စသည်တို့ကို စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လုံး နှင့် နိုင်ငံတော် သမ္မတ ဦးထင်ကျော် တို့ ယနေ့ညနေပိုင်း တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြသည်ဟု သမ္မတ ရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက မီဒီယာသို့ပြောသည်။

“နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေးကဏ္ဍမှာ အသက်မွေး ဝမ်းကျောင်းပညာရေး ကို မြှင့်တင်ဖို့ဆွေးနွေးကြပါတယ်။ ၁၉၉၉ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် မဖြစ်ရေး စာချုပ်က ခေတ်ကာလနဲ့မညီတော့လို့ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့၊ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စာချုပ်ချုပ်နိုင်ဖို့တွေကိုလည်း ဆွေးနွေးပါတယ်။ စင်ကာပူသို့ ပြည်ဝင်ခွင့် မပါဘဲ ရက် သုံးဆယ် နေထိုင်ခွင့် သဘောတူကြပါတယ်။ လာမယ့် ဒီဇင်ဘာ ၁ ရက် နေ့က စပြီး အသက်ဝင်ပါပြီ” ဟု သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဦးဇော်ဌေးက ရှင်းပြသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် စင်ကာပူ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးသည် သမ္မတအိမ်တော်သို့နေ့လယ် ၂း၄၀ နာရီတွင် ရောက်ရှိကာ ဂုဏ်ပြုတပ်ဖွဲ့၏ ကြိုဆိုဂုဏ်ပြုခြင်းကို သမ္မတ ဦးထင်ကျော် နှင့် အတူ ခံယူအပြီးတွင် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် သမ္မတကြီး နှင့် တွေ့ဆုံ ဆွေးနွေးခြဲ့ခင်း ဖြစ်သည်။ ထို့နောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဆက်လက်တွေ့ဆုံကာ အာဆီယံဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု များအား ဆွေးနွေးခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။

စင်ကာပူ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ– Xinhua/Aung Shine Oo/Pool )

စင်ကာပူ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- Xinhua/Aung Shine Oo/Pool)

“အာဆီယံ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ပေးဖို့မစ္စတာ လီရှန်လုံးက တောင်းဆိုပါတယ်၊ အဲဒီတောင်းဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်က တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပါ့မယ်လို့ပြန်ဖြေခဲ့ပါတယ်” ဟု သူက ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား ပညာတတ်များ များစွာ ရှိနေသည်ကို တွေ့ရကြောင်း၊ ထိုသူများ မြန်မာနိုင်ငံသို့ပြန်ရောက်ကြသည့်အခါ ဟိုတယ် ခရီးသွား လုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်း နယ်ပယ်အစုံမှာ ဝင်ရောက် လုပ်ကိုင်သည်ကို သိရကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကို ပိုပြီး တိုးမြှင့် ဆောင်ရွက်စေလိုကြောင်းလည်း စင်ကာပူဝန်ကြီးချုပ်က ပြောသွားခဲ့သည်။

မစ္စတာ လီရှန်လုံး၏ ခရီးစဉ်မှာ စင်ကာပူ – မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ချစ်ကြည်ရေး ခရီး ဖြစ်သော်လည်း နှစ်နိုင်ငံအကြား ရလဒ်ကောင်းများ ပေါ်ထွက်စေခဲ့သည်ဟု ဆိုသည်။

“စင်ကာပူ လေကြောင်းလိုင်းတွေက ရန်ကုန်ကို နှစ်ရက် ဝင်မယ်၊ ပြီးရင် မန္တလေးကို ဝင်မယ်၊ Tourist တွေ တိုက်ရိုက် လာလည်မှာ ဖြစ်လို့နှစ်နိုင်ငံကြား ခရီးသွား လုပ်ငန်းတွေ ပိုပြီး ဖွံ့ဖြိုးလာမှာပါ” ဟုလည်း ဦးဇော်ဌေးက ရှင်းပြသည်။

မစ္စတာ လီရှန်လုံးသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံအပြီးတွင် ညနေပိုင်း၌ သမ္မတကတော် ဒေါ်စုစုလွင် တည်ခင်းသည့် အထူးလက်ဖက်ရည်ပွဲသို့တက်ရောက်ပြီး ညပိုင်းတွင် ပဒေသာ ကပွဲ၊ မြန်မာ့ဆိုင်းဝိုင်းများပါဝင်သည့် ညစာစားပွဲသို့တက်ရောက်မည်ဖြစ်သည်။ (Xinhua)