Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အတည်ပြုရလဒ်များအရ နိုင်ငံရေးပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ် ၁,၁၁၃ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး အနိုင်ရရှိ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် အတည်ပြုကြေညာ ပြီးစီးခဲ့ရာတွင် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁,၁၁၃ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၅၈ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၃၈ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၅၀၁ ဦး နှင့် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၃ ဦး စုစုပေါင်း ၉၂၀ ဦးဖြင့် အများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အသီးသီးတွင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုများအနက် တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ လွှတ်တော်မဲဆန္ဒနယ် အားလုံးတွင် ရာနှုန်းပြည့် အနိုင်ရရှိခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၆ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၇ ဦး နှင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ၃၈ ဦး စုစုပေါင်း ၇၁ ဦးဖြင့် ဒုတိယအများဆုံးအဖြစ်လည်းကောင်း ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၃ ဦး ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၇ ဦး စုစုပေါင်း ၄၂ ဦးဖြင့် တတိယအများဆုံးအဖြစ်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ထို့အတူ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၁၅ ဦး ၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၁၂ ဦး ၊ တအောင်း(ပလောင်)အမျိုးသားပါတီမှ ကိုယ်စားလှယ် ၁၂ ဦး ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၁၁ ဦး ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၈ ဦး ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၄ ဦး ၊ ရခိုင့်ဦးဆောင်ပါတီမှ ကိုယ်စားလှယ် ၃ ဦး ၊ ‘ဝ’အမျိုးသားပါတီမှ ကိုယ်စားလှယ် ၃ ဦး ၊ ဒီမိုကရေစီပါတီသစ်(ကချင်)မှ ကိုယ်စားလှယ် ၂ ဦး ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၂ ဦး ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် ၂ ဦး ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ကိုယ်စားလှယ် ၂ ဦး ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၁ ဦး ၊ ကရင်ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၁ ဦး ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၁ ဦး ၊ ကယန်းအမျိုးသားပါတီမှ ကိုယ်စားလှယ် ၁ ဦး အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ် အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၇ သန်းကျော် ရှိပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးကြိမ်မြောက် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.