Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ NLDပါတီက အမတ်နေရာ ၃၉၆ နေရာဖြင့် အများဆုံး ရရှိထား

ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ ပြည်သူများ အောင်ပွဲခံနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အမတ်နေရာ စုစုပေါင်း ၃၉၆ နေရာဖြင့် အများဆုံး အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည (၈)နာရီအထိ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ပြည်သူ့လွှတ်တော်၌ အမတ်နေရာ ၃၁၅ နေရာရှိရာတွင် NLDပါတီတစ်ခုတည်းအနေဖြင့် ၂၅၈ နေရာနှင့် အမျိုးသားလွှတ်တော်၌ ၁၆၁ နေရာရှိရာတွင် NLD ပါတီအနေဖြင့် ၁၃၈ နေရာ စုစုပေါင်း ၃၉၆ နေရာအနိုင်ရရှိထားသဖြင့် ပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ပါတီ တစ်ခုတည်းဖြင့် လွတ်လွတ် ကျွတ်ကျွတ် ဖွဲ့စည်းနိုင်သည့် လွှတ်တော်ကိုယ်စားလှယ် ပမာဏ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ ပြည်သူများ အောင်ပွဲခံနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

နိုဝင်ဘာ (၁၄) ရက် ည (၈)နာရီအထိ စာရင်းများအရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်နေရာအားလုံး၏ ရလဒ်များအား ကြေညာခဲ့ပြီးဖြစ်ကာ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးအမတ်နေရာ(၄)နေရာသာ ကြေညာရန် ကျန်ရှိကြောင်း သိရသည်။

နိုဝင်ဘာ (၈) ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် ပြည်သူ့လွှတ်တော်၌ ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်၌ ၁၃၈ နေရာ၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်၌ တိုင်းရင်းသားလူမျိုးအမတ်နေရာ ၂၀ နေရာ အပါအဝင် ၅၂၁ နေရာ၊ စုစုပေါင်း ၉၁၇ နေရာဖြင့် ရွေးကောက်ပွဲ၌ အနိုင်ရရှိမှု အများဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသားလွှတ်တော်၌ ၇ နေရာနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်၌ ၃၈ နေရာ စုစုပေါင်း ၇၁ နေရာ အနိုင်ရထားကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၁၄ ရက်) ည(၈)နာရီထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်တို့၌ ရှမ်းတိုင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၄၂ နေရာ၊ ရခိုင် အမျိုးသား ပါတီမှ ၁၅ နေရာ၊ မွန်ညီညွတ်ရေး ပါတီမှ ၁၂ နေရာ၊ တအောင်း(ပလောင်)အမျိုးသားပါတီ ၁၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၁၁ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ၈ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၄ နေရာ၊ တစ်သီးပုဂ္ဂလ ၄ နေရာ၊ ရခိုင့်ဦးဆောင်ပါတီမှ ၃ နေရာ၊ ‘ဝ’အမျိုးသားပါတီမှ ၃ နေရာ၊ ဒီမိုကရေစီပါတီသစ်(ကချင်)မှ ၂ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂ နေရာ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ၁ နေရာ၊ ကရင်ပြည်သူ့ပါတီမှ ၁ နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ နေရာ၊ ကယန်းအမျိုးသားပါတီမှ ၁ နေရာနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ၁ နေရာ တို့အနိုင်ရရှိထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ် အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း ၃၉၉၆၂ ရုံရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.