Politics, Law & Military
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် လားရှိုးမြို့တို့တွင် ငွေကျပ် ၁၉,၆၂၀ သိန်း တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် လားရှိုးမြို့တို့တွင် ငွေကျပ် ၁၉,၆၂၀ သိန်း တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက်နေ့ ၁၉း၄၅ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့အထွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်း၊ နမ့်ဟူးကျေးရွာ အနီးတွင် ကို– မောင်းနှင်လာသည့် TOYOTA LANDCRUISER မော်တော်ယာဉ်ရောက်ရှိလာ၍ ရှာဖွေရာ မော်တော်ယာဉ်၏တံခါးလေးဘက်၊ အင်ဂျင်ခန်း၊ မျက်နှာကြက်ခေါင်မိုး၊ ထိုင်ခုံကူရှင်၊ ဝဲ/ယာ ဘော်ဒီများ အတွင်းတို့၌ သိုဝှက်ထည့်သွင်းထားသည့် ဘိန်းညိုမှုန့် ၂၁၈ ထုပ် (ဘိန်းညိုမှုန့်အလေးချိန် ၂၁၈ ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇူလိုင် ၁၈ ရက်နေ့ ၁၂း၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးနှင့် လားရှိုးမြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ နယ်မြေ(၅)၊ အမှတ်(၁၂)ရပ်ကွက်၊ ဈေးတန်းလမ်းတွင်နေထိုင်သူတို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)