Politics, Law & Military
လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးအား နိုင်ငံသား စိစစ်မှုများ ပြုလုပ်ပြီး ပြန်လည် ပို့ဆောင်

ရန်ကုန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ တန်ဂျွန်ပီနန် ကျွန်းနှင့် မကာဆန်ကျွန်းတို့မှ လူကုန်ကူး ခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးအား ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) မှ တရားဝင် အကြောင်းကြားချက် အရ နိုင်ငံသား စိစစ်မှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ဇွန်လ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးအနက် နိုင်ငံသား စိစစ်မှုများ ပြုလုပ်ပြီး မကာဆန် ကျွန်းမှ ၁ ဦးအား ဇွန်လ ၈ ရက်တွင် လည်းကောင်း ၊ တန်ဂျွန်ပီနန်ကျွန်းမှ မြန်မာရေလုပ်သား ၉ ဦးအား ယနေ့ဇွန်လ ၁၅ ရက်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိနေသည့် မြန်မာ ရေလုပ်သားများအား ဆက်လက် ပို့ဆောင်နိုင်ရေး အတွက် ဂျကာတာမြို့၊ မြန်မာသံရုံး အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်ပတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား အကျဉ်းသားများ၏ အရေးကိစ္စများကို ပိုမို အလေးထား ဆောင်ရွက်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ လုပ်ငန်းစဉ်များ အရ ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လ ဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ရေလုပ်သား ၂၄၉ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။ (Xinhua)