Connect with us

Politics, Law & Military

လွှတ်တော် သုံးရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦး ရှိဟု ဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏သတင်းစာ ရှင်းပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော်၊ လွှတ်တော် သုံးရပ်အတွက် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉၆၉ ဦး ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က အဆိုပါ ရုံးတွင် ယနေ့ ညနေပိုင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“လွှတ်တော် သုံးရပ် ပေါင်းမှာ နိုင်ငံရေး ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၆၈၉ ဦးနဲ့ တစ်သီး ပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၈၀ ဦး၊ စုစုပါင်း ၆၉၆၉ ဦး ဝင်ရောက် ယှဉ် ပြိုင်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရကြပါတယ်။ မကြာမီ သူတို့ဟာ မဲဆွယ်စည်းရုံးကြမှာ ဖြစ်ပါတယ်” ဟု ကော်မရှင် အဖွဲ့ဝင် ဦးမြင့် နိုင်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နောက်ဆုံး အတည်ပြု စာရင်းအရ လွှတ်တော်အလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းဦးရေမှာ ပြည်သူ့ လွှတ်တော်တွင် နိုင်ငံရေး ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦး၊ တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်း ၇၁ ဦး၊ စုစုပေါင်း ၁၉၃၄ ဦး ရှိကြောင်း၊ အမျိုးသား လွှတ်တော်တွင် နိုင်ငံရေး ပါတီ ကိုယ်စား ပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄၇ ဦး၊တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ဦး၊ စုစုပါင်း ၉၇၆ ဦး ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် နိုင်ငံရေး ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၇၀၀ ဦး၊ တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်း ၁၄၇ ဦး၊ စုစုပါင်း ၃၈၄၇ ဦး ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ် အတွက် နိုင်ငံရေး ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၉ ဦး၊ တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ ဦး၊ စုစုပါင်း ၂၁၂ ဦး ရှိကြောင်း ကော်မရှင် အဖွဲ့ဝင်က ပြောကြားခဲ့သည်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းများ စတင် တင်သွင်းခဲ့စဉ်က ပြည်သူ့လွှတ်တော်အတွက် ၁၉၄၈ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၉၈၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အတွက် ၃၈၈၀ ဦး၊ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် အတွက်၂၁၄ ဦး၊  စုစုပေါင်း ၇၀၃၀ ဦး ရှိခဲ့ကြောင်း၊ တင်သွင်းပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း တင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းသူများ ရှိကြရာ ပြည်သူ့ လွှတ်တော်တွင် ခုနစ်ဦး၊ အမျိုးသား လွှတ်တော်တွင် ခြောက်ဦး၊ တိုင်းဒေသကြီး လွှတ်တော် တွင် ၁၂ ဦး၊ တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် တစ်ဦး၊ စုစုပေါင်း ၂၆ ဦးက ရုပ်သိမ်းခဲ့ကြောင်း၊ အမည်စာရင်း တင်သွင်းထားသူများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက စိစစ်ခဲ့ရာ အမည်စာရင်းတင်သွင်းလွှာကို ပယ်ချခြင်းခံရသူ ၃၅ ဦး ရှိကြောင်း၊  သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၃ အရ ပြန်လည် စိစစ်ပေးရန် လျှောက်ထားသူ ငါးဦး  ပြည်ထဲရေး ဝန်ကြီးဌာန၏ တိုင်ကြားချက်အရ တစ်ဦး ရှိကြောင်း၊  မူလပါတီမှ နုတ်ထွက်ခြင်း မပြီးမြောက်သေးမီ တခြား ပါတီ တစ်ခုကို ကိုယ်စားပြု ဝင်ရောက်လာသူ ခြောက်ဦး တွေ့ရှိရသဖြင့် ၄င်းတို့ကိုယ်တိုင်ကလည်း တစ်သီး ပုဂ္ဂလအဖြစ် ပြောင်းလဲ သတ်မှတ်ပေးဖို့ ဆန္ဒတင်ပြလာ သောကြောင့် ၎င်းတို့အား တစ်သီး ပုဂ္ဂလအဖြစ် ပြောင်းလဲ တင်ပြပေးလိုက်ရကြောင်းလည်း ကော်မရှင် အဖွဲ့ဝင်က ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.