Connect with us

Politics, Law & Military

ကျပ်သိန်း ၆,၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ပြင်ဦးလွင်မြို့နယ်၌ ဖမ်းဆီးရမိ ၊ ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိ 

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်သိန်း ၆,၁၆၀ တန်ဖိုးရှိ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၈ ကီလိုဂရမ်ကို စက်တင်ဘာ ၂ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအဝင်လမ်းတွင် မော်တော်ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်တစ်စီးပေါ်တွင် တင်ဆောင်လာသည့် ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသော ဘိန်းဖြူအ လေးချိန် ၈.၈ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၆,၁၆၀ )နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့သည် အကျိုးတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိ ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ယင်းဖြစ်စဉ်အား ပိတ်ချင်းမြောင်နယ် မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)