Connect with us

Politics, Law & Military

အမတ်လောင်းများ မဲဆွယ်ကာလ၌ စည်းကမ်းချက် အသစ်များ ထပ်မံ ရှိလာနိုင်ဟုဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၄ ရက်(ဆင်ဟွာ)

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ကာလသည် COVID-19 ကာလနှင့် တိုက်ဆိုင်နေပါက စည်းကမ်းချက်အသစ်များ ထပ်မံ ထွက်ရှိလာနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာများသို့ ဖြေကြားခဲ့သည်။

“စည်းကမ်းချက်အသစ်တွေ ဆိုတာကလည်း ကိုဗစ်ကာလအတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခြားနိုင်ငံတွေ ရဲ့ လုပ်ရိုး လုပ်စဉ်၊ ကျင့်စဉ်တွေကို ယူရမှာပေါ့၊ နောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာပေါ့၊ အဲ့ဒါကြောင့် ဘယ်လို မဲဆွယ်မှုတွေ လုပ်မလဲ၊ ကိုဗစ်ကာလလည်းရှိနေတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ဒါကို အဆင်ပြေ ချောမွေ့အောင် ကျန်တဲ့နှစ်တွေနဲ့ မတူဘဲနဲ့ အဖွဲ့တစ်ဖွဲ့ပေါ့နော် ဖွဲ့ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့ သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ ဖွဲ့စည်းရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန များပါဝင်သည့် အဖွဲ့ ရှစ်ဖွဲ့ သီးခြားစီဖွဲ့စည်းပြီး မည်သည့် အခြေအနေမျိုးတွင် မည်သည့် စည်းကမ်း ချက်များကို လိုက်နာရမည် စသည်ဖြင့် ညှိနှိုင်းပြီး လိုက်နာရမည့် စည်းကမ်းချက်များ ချမှတ်သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ အားလုံးကို ကြိုတင် အသိပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၎င်းက ရွေးကောက်ပွဲကျင်းပမည့် နေ့နှင့် ပတ်သက်ပြီး  “ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမလဲဆိုတာက အရင်လည်းဖြေပြီးပြီပေါ့၊ အဲဒီ အတိုင်း မပြောင်လဲဘူး၊ ပထမတစ်ကြိမ်မှာ နှစ်လနဲ့ ၂၄ ရက်၊ နောက်တစ်ကြိမ်မှာ လေးလ ကြိုပြီး ကြေညာတယ်။ အဲဒီအတိုင်းပဲ မပြောင်းလဲ ပါဘူး၊ အရင်တုန်းက ကျင်းပခဲ့တဲ့ နိုဝင်ဘာထဲမှာပဲ ဖြစ်မှာပါ၊ နဂိုအတိုင်းပဲ မပြောင်းလဲသေးဘူး” ဟု ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ရက်များ ကြေညာသည့်အခါ ရွေးကောက်ပွဲကျင်းပမည့် ရက် မကြေညာခင် မည်သည့် မဲဆန္ဒနယ်များအတွက် ကျင်းပမည်ဆိုသည်ကို ဦးစွာ ကြေညာရကြောင်း၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းရင်းသားလူမျိုးလွှတ်တော်မဲဆန္ဒနယ်၊ စသည်တို့ကို ဦးစွာ အစဉ်လိုက် ကြေညာပြီးမှ ရွေးကောက်ပွဲ မည်သည့်နေ့ကျင်းပမည် ဆိုသည့် ရက်ကို သတ်မှတ်ကြေညာခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.