Connect with us

Politics, Law & Military

အသက် ၆၀ နှစ် နှင့်အထက်ရှိသူ မဲဆန္ဒရှင်များ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်

၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် အသက် ၆၀ နှစ် နှင့်အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက “COVID-19 ရောဂါရဲ့ သက်ရောက်မှုက အသက် ၆၀ အထက်အတွက်က ကူးစက်လွယ်တယ်။ အသက်အရွယ်ကြီးရင့်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် အပြင်မထွက်သင့်ဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူစုလူဝေး ရှိနိုင်တဲ့နေရာတွေကို အသက် ၆၀ အထက် ပုဂ္ဂိုလ်တွေ မဲရုံမှာ သွားပြီး တန်းစီပြီး မဲပေးရမယ်ဆိုရင် သူတို့အတွက် စိုးရိမ်ကြောင့်ကြမှုတွေ များလာနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စဉ်းစားပါတယ်။ အဲဒီအတွက်ကြောင့် သူတို့အတွက် သက်တောင့်သက်သာ ဆန္ဒမဲပေးလို့ရအောင် ၂၉ ရက်က စပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျွန်တော်တို့က ရက်အကြာကြီးပေါ့။အနည်းဆုံး ၈ ရက်ကြာပါမယ်။ ဒီ ၈ ရက်အတွင်းမှာ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက အသက် ၆၀ နဲ့အထက် ပုဂ္ဂိုလ်တွေ ဆန္ဒမဲပေးလို့ရအောင်ဆိုပြီး ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအနေနဲ့ဆိုရင် အသက် ၆၀ နဲ့အထက် ပုဂ္ဂိုလ်တွေ အနေနဲ့က သတ်မှတ်ထားတဲ့ ၈ ရက်အတွင်းမှာ အကြောင်းကြားတယ်ဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ သက်ဆိုင်ရာ နေအိမ်တွေမှာလည်း ဆန္ဒမဲ လိုက်လံ ရယူ ဆောင်ရွက်ပေးမှာ ရှိနိုင်သလို တကယ်လို့ အသက် ၆၀ နဲ့အထက် ပုဂ္ဂိုလ်တွေ ရှိနေတဲ့အိမ်တွေက Lockdown မိနေတဲ့နေရာမျိုး ၊ ဒါမှမဟုတ် Stay at Home အဖြစ်နဲ့ သူတို့ကို သတ်မှတ်ထားတဲ့ အိမ်ထဲမှာပဲ နေဖို့ သတ်မှတ်ထားတဲ့ Quarantine ထားထားတဲ့ အခြေအနေမျိုး ၊ Home Quarantine အခြေအနေမျိုးတွေ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အတွင်းမှာ သူတို့ရဲ့ အိမ်ထဲကို မဝင်ဘဲနဲ့ သူတို့အနေနဲ့ ကြိုတင်မဲပေးလို့ရအောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သူတို့ကိုယ်တိုင်ကိုက ကျွန်တော်တို့ကတော့ ရပ်ကွက်ရုံးမှာပဲ လာပေးချင်တယ် ဆိုရင်လည်း ရပ်ကွက်ရုံးမှာလည်း ပေးလို့ရအောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ကိုယ်တိုင်ကိုယ်ကြ မဲရုံမှာမှ ပေးချင်ပါတယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ တားမြစ်ထားတာ မရှိပါဘူး။”ဟု ဆင်ဟွာသို့ ယနေ့ တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အသက် ၆၀ နှစ် နှင့်အထက်ရှိသူ မဲဆန္ဒရှင် အရေအတွက် ၈ သိန်းကျော် ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခုကာလတွင် COVID- 19 ရောဂါကူးစက် ဖြစ်ပွားနေမှုအခြေအနေများအရ Stay at Home မြို့နယ် အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များနှင့် လူဦးရေထူထပ်သောမြို့နယ်များ (၁ စတုရန်းကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅၀၀၀ ဦးနှင့်အထက်)တွင် နေထိုင်သော ရောဂါကူးစက်ခံရမှု လွယ်ကူနိုင်သည့် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ (၁၉၆၀ ပြည့်နှစ်နှင့် ယင်းနှစ်၏ ရှေ့ပိုင်းမွေးဖွားသူ)များကို ၂၉-၁၀-၂၀၂၀ ရက်မှ ၅-၁၁-၂၀၂၀ ရက်အထိ နေအိမ်တွင် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သတ်မှတ်ထားသောမြို့နယ်များမှအပ ကျန်မြို့နယ်များ တွင် နေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သောအခြေအနေရှိပါက ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ၍ ကြိုတင်ဆန္ဒမဲပေးရန်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတင်းပေး ပို့လျှင် နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅ (ဂ) (၃) နှင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅၁ (ခ) တို့အရ မဲဆန္ဒ နယ်အတွင်းရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သော အသက်အရွယ်ကြီးရင့်နေသူများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးခွင့်ရှိပြီး အဆိုပါပုဂ္ဂိုလ်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာမှုအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.