Politics, Law & Military
အိန္ဒိယ သမုဒ္ဒရာဒေသတွင်း ဆိပ်ကမ်းနိုင်ငံများ MoU တွင် မြန်မာနိုင်ငံ ပါဝင်ရန် လွှတ်တော် အတည်ပြု
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ)
အိန္ဒိယ သမုဒ္ဒရာဒေသတွင်း ဆိပ်ကမ်းနိုင်ငံများ၏ စစ်ဆေးပိုင်ခွင့်ဆိုင်ရာMoUတွင် မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် ပါဝင်ရေးအတွက် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်က ထောက်ခံ ဆွေးနွေး အတည်ပြုခဲ့သည်။
ယခင်က မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သင်္ဘောများ ကိုသာ စစ်ဆေးပိုင်ခွင့် ရှိခဲ့ပြီး မှတ်ပုံ မတင်ထားသည့် သင်္ဘောများကို စစ်ဆေးပိုင်ခွင့် မရှိခဲ့သော မြန်မာနိုင်ငံသည် ယခုကဲ့သို့ အဖွဲ့ဝင် ဖြစ်လာသည့်အခါ မိမိ ဆိပ်ကမ်းသို့ဖြတ်သန်းသွားသည့် သင်္ဘောတိုင်းအား အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် အညီ စစ်ဆေးနိုင်တော့မည် ဖြစ်သည်။
ထို့အပြင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည့်အတွက် အရည်အသွေးပြည့်ဝသော သင်္ဘောသားများ ပေါ်ပေါက်လာခြင်း၊၊ နိုင်ငံတကာ စံမီသော ဆိပ်ကမ်းများ၊ ဝန်ဆောင်မှုများ ဖြစ်ပေါ်လာစေခြင်း၊ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းများ တိုးတက်လာ စေခြင်း စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာစေမည်ဟု သိရသည်။
အိန္ဒိယ သမုဒ္ဒရာ ဒေသတွင်း ဆိပ်ကမ်းနိုင်ငံများ၏ စစ်ဆေးပိုင်ခွင့်ဆိုင်ရာ MoUတွင် အဖွဲ့ဝင် ၁၇ နိုင်ငံ ရှိနှင့် ပြီးဖြစ်ရာ မြန်မာနိုင်ငံသည် ၁၈ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်းနှင့် အဆိုပါ ဒေသတွင် အဖွဲ့ဝင်ရန် နောက်ထပ် သုံးနိုင်ငံ ကျန်ရှိနေကြောင်း သိရသည်။ (Xinhua)