Connect with us

Politics, Law & Military

USDP ပါတီဥက္ကဌ သူရဦးရွှေမန်း ဖြူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်း တောင်ငူခရိုင် တရားရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနေစဉ် (ဓာတ်ပုံ -H.E. Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖြူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် တောင်ငူခရိုင် တရားရုံးတွင် အချက်အလက်များ ဖြည့်သွင်းပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာအား ယနေ့ ဇူလိုင်လ ( ၃၀ ) ရက်တွင် တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့သော နိုင်ငံရေး ပါတီကြီး တစ်ခုဖြစ်သည်။

ယခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ် နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာ အပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ ရွေးချယ်၍ USDP ပါတီ မှ ကိုယ်စားလှယ်လောင်း ခန့်အပ်လွှာကို ယမန်နေ့ဇူလိုင် ၂၉ ရက်က ပေးအပ်ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၅ ရက်တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်မည့် နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၈ ရက်နေ့ထိ သတ်မှတ်ပေးထားသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၁၁ ရက် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်ကို သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.