Politics, Law & Military
ကုမ္ပဏီအရေအတွက် နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒုတိယတစ်နှစ်တာအတွင်းတိုးတက်

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)
နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက် နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၃၀၇ ဒသမ ၂၀၇ သန်း ရှာဖွေပေးနိုင်ခဲ့ သည်ဟု ၎င်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြောကြားခဲ့သည်။
“ဒါ့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၃၆၃၂ ဒသမ ၂၄၁ ဘီလျံနဲ့အလုပ်အကိုင်နေရာ ၁၀၆၂၇၃ နေရာကိုလည်း ရှာဖွေပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၌ ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန လေးခုတို့ ပူးပေါင်း ပြုလုပ်သော သတင်းစာရှင်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် ကုမ္ပဏီမှတ်ပုံတင်ကြေးများကို လျှော့ချခဲ့ပြီး ကုမ္ပဏီ အရေအတွက်ကို သိသိသာသာ တိုးစေခဲ့ခြင်း(၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ ကုမ္ပဏီ ၆၇၂၈ ခု၊ နိုင်ငံခြား ကုမ္ပဏီ ၁၁၇၂ ခုတို့ ရှိခဲ့ရာမှ ၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ ကုမ္ပဏီ ၉၁၄၇ ခု၊၊ နိုင်ငံခြား ကုမ္ပဏီ ၁၃၂၂ ခုအထိ တိုးလာစေခြင်း) နှင့် ရင်းနှီး မြှုပ်နှံမှုများကိုလည်း တိုးလာစေခြင်း တို့ကြောင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၂၀၁၇အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် Investment Competitiveness Forum ၌ The World Bank Group က မြန်မာနိုင်ငံတော် အစိုးရအား Star Reformers Award ချီးမြှင့်ခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။
ထို့အပြင် နိုင်ငံတော် အစိုးရ၏ ဒုတိယ တစ်နှစ်တာ ကာလ အတွင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်သည် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ်သန်း ၇၇၉၁ ဒသမ ၇၀ နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ် သန်း ၇၉၅၆ ဒသမ ၄၀ ထည့်ဝင် ပေးဆောင်နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်း ဝယ်ရေးဘဏ်သည် နိုင်ငံတော်သို့ ဝင်ငွေခွန် ကျပ် ၉ ဒသမ ၁၂ ဘီလျံ နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ် ၈ ဒသမ ၉၉ ဘီလျံ တိုးမြှင့် ထည့်ဝင် ပေးဆောင်နိုင်ခဲ့ကြောင်း၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တတွင် ကျပ် ဘီလျံ ၁၇၀၇ ဒသမ ၇၀ ထုတ်ချေးပေးနိုင်ခဲ့ သဖြင့် ယမန်နှစ်ကထက် ကျပ် ဘီလျံ ၇၀ကျော် ပိုမို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ မြန်မာ့ အာမခံ လုပ်ငန်းသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်၌ ဝင်ငွေ ကျပ် ၆၁ ဘီလျံ ရရှိခဲ့သဖြင့် ယခင်နှစ်ထက် ငါးဘီလျံ ခန့် ဝင်ငွေ ပိုမို တိုးတက် ရှာဖွေပေးနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)