Connect with us

Politics, Law & Military

AA ဖမ်းထားသည့် ချင်းအမတ်အတွက် အရေးကြီး အဆို တင်

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်။(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

 

နိုဝင်ဘာ ၃ ရက်နေ့၌ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားသည့်  ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် ပတ်သက်ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နေ့လယ်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အရေးကြီး အဆို တင်သွင်းခဲ့သည်။

အဆိုပါ အရေးကြီး အဆိုမှာ  “နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုအာဏာတည်ရှိရာဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၃ ရက်၊ ၁၁ လ၊ ၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်း ဟူ၍ ဖြစ်သည်။

အောင်မြေသာစံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး အရေးကြီး အဆို တင်သွင်းနေစဉ်။(ဆင်ဟွာ)

ထိုအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယကက

 “အဆိုတင်သွင်းတဲ့ အကြောင်းအရာဟာ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆၊ နည်းဥပဒေခွဲ(က)ပါ စည်းကမ်းချက်များနဲ့ ညီညွတ်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် တင်ပြပါ အရေးကြီးအဆိုနဲ့စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆ နည်းဥပဒေခွဲ (ခ)နဲ့အညီ အဆိုတင်သွင်းခြင်း၊ တင်သွင်းဆွေးနွေးခြင်း၊ ထောက်ခံခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ပါ့မယ်” ဟု ပြောကြားကာ အဆိုကို လက်ခံ ဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့ပြီး ထိုအဆိုကို နိုဝင်ဘာ ၁၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်သောကြောင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုဝင်ဘာ ၁၅  ရက်၊ နေ့ နေ့လယ် ၁း၀၀ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်း ပေးကြရန် ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.