Connect with us

Politics, Law & Military

မြို့နယ် ရပ်ကျေး ကော်မရှင်များ မှန်ကန်စွာ ဆောင်ရွက်ဖို့အရေးကြီး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လာမည့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မှန်ကန်တိကျပြီး အောင်မြင်ရေးအတွက် မြို့နယ် ရပ်ကျေး ရေးကောက်ပွဲ ကော်မရှင်များ၏ ဆောင်ရွက်မှုသည် အဓိကကျပြီး အလွန်အရေးကြီး သောကြောင့် မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့က စောင့်ကြည့် လမ်းညွှန် ကူညီပေးကြဖို့ လိုသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC:_ Union Election Commission) ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ ပြောကြားခဲ့သည်။

“အခု ဆရာတို့ လုပ်မှာက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အတွက်လည်း မဟုတ်ဘူး၊ အစိုးရ အတွက်လည်း မဟုတ်ဘူး၊ ၅၁ သန်းကျော်သော ပြည်သူ အားလုံးအတွက် ဖြစ်ပါတယ်၊ ကောင်း ကောင်း မွန်မွန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမှ ပြည်သူတွေ အကျိုး ခံစားရမှာ ဖြစ်တယ်၊ မြန်မာ နိုင်ငံ နယ်နိမိတ် အတွင်းမှာ ရှိတဲ့ ပြည်သူတွေ အားလုံးအတွက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ခံယူပြီး ကြိုးစားကြပါ၊ မြို့နယ် ရပ်ကျေး ကော်မရှင်တွေကိုလည်း သေသေချာချာ ပြန်ပို့ချ သင်ကြား ပေးစေလိုပါ တယ်” ဟုလည်း ကော်မရှင် ဥက္ကဋ္ဌက နေပြည်တော် Grand Amara Hotel တွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အဖွင့် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

IDEA Country Director Mr. Mark McDowell က အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ ကျင်းပစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ်။(ဆင်ဟွာ)

ထို့အပြင် ကြိုတင်မဲ စနစ်ဖြင့် အနိုင်ယူခြင်းမျိုး မည်သည့်နည်းနှင့်မျှ မဖြစ်အောင် အထူးအလေးထား ဆောင်ရွက်ကြရန်၊ မဲပေးသည့်နေ့တွင် မဲပေးစနစ်မှန်ကန်ဖို့၊ မဲရေရာတွင် ခိုင်လုံမဲ၊ ပယ်မဲများ တိကျ စွာ ဆောင်ရွက်ဖို့၊ ရလဒ် ထုတ်ပြန်သည့်အခါ၊ သက်သေများ၊ နိုင်ငံရေး ပါတီများနှင့် UEC သုံးဦး သုံးဖလှယ် ဆောင်ရွက်ကြဖို့လည်း ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းများတွင် ၂၀၁၄ ကတည်းက စတင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC: _ Union Election Commission) နှင့် ပူးပေါင်း ဆောင်ရွက် ကူညီ လာခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲထောက်ပံ့ရေး (IDEA:_ International Institute for Democracy and Electoral Assistance) Country Director Mr. Mark McDowell က အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲကို ပြည်သူလူထု ပိုမို ယုံကြည် လာလေ၊ ဒီမိုကရေစီ ကို ပြည်သူများ ပိုမို ယုံကြည်လေ ဖြစ်သောကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှု၊ ပရော်ဖက်ရှင်နယ် ကျမှု၊ လွတ်လပ်မျှတမှုများဖြင့် ပြည်သူတို့အတွက် ဝန်ဆောင်မှု ကောင်းများဖြင့် စံပြဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာ ကျင်းပမည့် ယခု သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား ၅၀ ဦး တက်ရောက်ကြပြီး သင်တန်း ပြီးဆုံးသည့်အခါ ဆရာဖြစ် သင်တန်း ၃၀၃ ခုတို့ကို ပြန်လည် ပို့ချကြမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဖြစ် သင်တန်းများက ဒေသ ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အသီးသီးမှ ကော်မရှင်ခွဲ အဖွဲ့ဝင် ၂၆၄၀ ဦးတို့ကို ပြန်လည် သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်း၏ အဓိက သင်ရိုးများတွင် UEC ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့် Code of conduct ၊ မဲဆွယ်ကာလ ဆောင်ရန် ရှောင်ရန်များနှင့် မဲစာရင်း update လုပ်ခြင်း၊ အငြင်းပွားမှု အတွက် စေ့စပ်ညှိနှိုင်းခြင်း၊ ကြိုတင်မဲများ မှန်ကန်ရေး အလေးထားခြင်း၊ စသည့် အကြောင်း အရာများ အပါအဝင် ခေါင်းစဉ် ၁၀ မျိုးတို့ကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.