Politics, Law & Military
ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဖက် ကျဆုံးမှုရှိဟု တပ်မတော် ထုတ်ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဖက် ကျဆုံးမှုများရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားခဲ့သော AA လက်နက်ကိုင်အဖွဲ့များနောက်သို့ တပ်မတော် စစ်ကြောင်းများက အသေးစိတ်လိုက်လံရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက် အထိ ထိတွေ့မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ AA လက်နက်ကိုင်အဖွဲ့ သင်တန်းကျောင်းဖွင့်လှစ် ရန် ရည်ရွယ်ထားသော လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့မှုဖြစ်စဉ်များတွင် တပ်မတော်ဘက်မှ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့ထံမှ အလောင်း လေးလောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ လေ့ကျင့်ရေး အသုံးအဆောင်ပစ္စည်းများ၊ အရက်စည် ခုနစ်ပုံး၊ လမ်းလျှောက်စကားပြောစက် အားသွင်းခုံများ၊ မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကျူးပိုက်များ၊ ကော်ဘူးများ၊ ဝါးနင်းခလုတ် များ၊ ယမ်းစိမ်းပုံးများ၊ ဓာတ်မြေဩဇာများနှင့် တပ်မတော်အရာရှိ၊ စစ်သည် အဆင့်တံဆိပ်များ၊ AA လက်နက်ကိုင်အဖွဲ့ ၏ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)