Politics, Law & Military
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအတွက် IDA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရယူရေး လွှတ်တော် အတည်ပြု

နေပြည်တော်၊ မတ် ၂၆ ရက်(ဆင်ဟွာ)
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ရန်ကုန်၊ အင်းစိန်-ရွာမ ဓာတ်အားပေး စက်ရုံတွင် Combined Cycle Gas Turbine အသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အား ပို့ လွှတ်မှု စနစ်အတွင်းရှိ ပင်မ ဓာတ်အားခွဲရုံများ၏ တပ်ဆင်အင်အား တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ (Power System Energy ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA: _ International Development Association) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရယူရေးအား ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။
၂၀၂၀ မတ် ၂၄ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးတို့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသည့် အဆိုပါ ချေးငွေ ရယူရေး ကိစ္စနှင့် ပတ်သက် ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြန်လည် ရှင်းလင်း တင်ပြအပြီးတွင် လွှတ်တော်က ထောက်ခံ ဆန္ဒမဲ ၄၉၁ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လက်ကျန်သည် ၂၀၁၉ စက်တင်ဘာလကုန်၌ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ရှိသည့်အနက် ပထမ လွှတ်တော် မတိုင်မီကာလတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇၆ ဘီလီယံ၊ ပထမ လွှတ်တော်ကာလတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၅ ဘီလီယံနှင့် ဒုတိယ လွှတ်တော်ကာလတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၄၂၂ ဘီလီယံ၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ဖြစ်ကြောင်း၊ အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွင်လည်း ပြည်ပကြွေးမြီ အခြေအနေအား ၁၉၈၈ မတိုင်မီက ရယူခဲ့သော အခြေအနေ၊ ၁၉၈၈ – ၈၉ မှ ၂၀၁၀ – ၁၁ အထိ အခြေအနေ၊ ၂၀၁၁ – ၁၂ မှ ၂၀၁၅ – ၁၆ အထိ အခြေအနေ၊ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ် နောက်ပိုင်း အခြေအနေ ဟူ၍ ဖော်ပြပေးထားကြောင်း၊ ဝန်ကြီးဌာန အားလုံးက ရယူထားသော ပြည်ပချေးငွေ စီမံကိန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်မှု အခြေအနေကို နိုင်ငံတော် သမ္မတရုံးသို့ သုံးလ တစ်ကြိမ် တင်ပြရကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
“စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရရှိသည့်အခါ ချေးငွေ စာချုပ် ညှိနှိုင်းခြင်း၊ ချေးငွေ စာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက် ဆောင်ရွက်ခြင်း၊ စာချုပ် အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေ ထုတ်ယူ သုံးစွဲမှု၊ ချေးငွေ အရင်း အတိုး ပေးဆပ်မှု များ စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုကိုလည်း စောင့်ကြည့်ကြပ်မတ်သွားမည် ဖြစ်ကြောင်း လေးစားစွာ တင်ပြ အပ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း တင်ပြအပြီးတွင် လွှတ်တော်က ချေးငွေရယူခြင်းကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)