Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ လဆန်းတွင် ကျင်းပရန် သဘောတူ

JICM အကြိုညှိနှိုင်း အစည်းအဝေးအား တွေ့ရစဉ်(ဓာတ်ပုံ - NRPC)

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ လဆန်းတွင် ကျင်းပရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ နှစ်ဖက် သဘောထား စုစည်းချက် (၈) ချက်အား ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော JICM အကြိုညှိနှိုင်း အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၏ ထုတ်ပြန်မှု အရ သိရသည်။

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAOs) တို့၏ အကြိုညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်း ရရှိသည့် သဘောတူညီချက်များကို မကြာမီ ကျင်းပမယ့် JICM အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက် ရယူကာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

NCA-S EAO မှ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက JICM အစည်းအဝေးသည် NCA စာချုပ်၏ အမြင့်ဆုံး ယန္တရားဖြစ်သည့် အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောက်ရွက်ရာ တွင် မူဝါဒလမ်းညွှန် ချမှတ်ခြင်း၊ တစ်ဆို့မှုဖြေရှင်းခြင်းများသည် အဓိက ကျောရိုးဖြစ်၍ JICM အစည်းအဝေး စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးသည် အလွန်အရေးကြီးလှကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့မှ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ စောစိန်ဝင်း၊ ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ နိုင်အောင်မငေးနှင့် ကြာဆော်လမွန် တို့တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)