Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ် ၆ဒသမ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအား သိမ်းဆည်းရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း) များနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ် ၆ဒသမ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar ) က မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိရတနာဈေးဝင်းတွင် ယာဉ်မောင်း ဝင်းလှိုင်(ခ)ဦးချယ် နှင့် လှဘော် တို့ ၂ ဦးအား TOYOTA WISH မော်တော်ယာဉ်နှင့်အတူတွေ့ရှိပြီး ၎င်းယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မှ မလေးရှားရေပိုင်နက်သို့ အိုက်စ်(မက်သ်အဖက်တမင်း) များသယ်ဆောင်မည့် စက်လှေအားတွေ့ရစဉ် (ဓာတ်ပုံ– CCDAC Myanmar)

စစ်ဆေးဖော်ထုတ်ချက်အရ မေ ၆ ရက် မွန်းလွဲ ၁ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ထွန်းနိုင် နှင့် ဝင်းမြင့် တို့အားလည်းကောင်း၊ ညနေ ၄ နာရီခွဲအချိန် ကျောင်းကုန်းမြို့အဝင်တိုးဂိတ်တွင် အားဂျီး(ခ)အားရှီး အား လည်းကောင်း၊ ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်ချီတုံကျေးရွာတွင် ကိုပေါက်(ခ)အောင်မြတ်ဝင်း အား လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန် ပုသိမ်မြို့နယ်၊ ချောင်းသာဟိုတယ်တွင် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ) Mr. Piayapong Khammongkhon နှင့် စိုင်းနော်ခမ်း(ခ)အိုက်စိုင်း တို့အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ မေ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဒလမြို့နယ်၊ စက်မြေရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပင်လယ်ပြင်သုံးငါးဖမ်းစက်လှေတစ်စီးနှင့်အတူ ရှိုင်းထက်အောင်(ခ)ဆံရှည်၊ အေးသောင်း၊ မျိုးနိုင် နှင့် သန်းစိုး တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး မေလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မူးယစ်ဆေးဝါးများတာဝန်ခံသယ်ဆောင်မည့် စက်လှေပိုင်ရှင် ဉာဏ်ဝင်း အားလည်းကောင်း၊ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်တွင် အောင်ကျော်ထွန်း အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်ဒေသ ကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့်ရေကြောင်းလမ်းအသုံးပြု၍ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ရန်ကုန်မှ မလေးရှားရေပိုင်နက်သို့ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ လမ်းကြောင်း အားတွေ့ရစဉ် (ဓာတ်ပုံ– CCDAC Myanmar)

ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံ သား စိုင်းရှန်ဖ(ခ) ဘောန်(ခ)Mr. Piayapong Khammongkhon သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် အလိုရှိနေသော တရားခံပြေးဖြစ် ကြောင်းနှင့် ယင်းထိုင်းနိုင်ငံသားအပါအဝင် စုစုပေါင်း (၁၈)ဦးအား ဥပဒေအရအရေးယူထားရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်လုပ်ကိုင်ရာမှရရှိသည့် အကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများအား စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၊ မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့(NADA)တို့နှင့်ပူးပေါင်း၍ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ တင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.