Politics, Law & Military
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်/ ဆက် MoU ရေးထိုး
နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)
လူထုအခြေပြုလုပ်ငန်း (Community Centre)များ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU)ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ယနေ့ ညနေပိုင်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပခဲ့သော အဆိုပါ MoU ရေးထိုးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် နှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အငြိမ်းစား သမ္မတ ဦးထင်ကျော်နှင့် ဇနီး စသူတို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြ သည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “လွှဲပြောင်းမယ့် ပစ္စည်းတွေက ရွေ့လျား စာကြည့်တိုက်ယာဉ် ၁၇ စီး၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း ၃၄၆ စုံ၊ စာအုပ်စာပေ တစ်သိန်း တစ်သောင်းကျော်နဲ့ကျွမ်းကျင် ဝန်ထမ်း ၂၈ ဦးတို့ ဖြစ်ပါတယ်။ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်းက ဒီနေ့ စီမံကိန်း လွှဲပြောင်းတဲ့ အထိ ရင်းနှီးမြှုပ်နှံငွေ ပမာဏ ကျပ် သန်း တစ်ထောင်ကျော် ဖြစ်ပါတယ်။ ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ နားလည်မှု စာချွန်လွှာမှာ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပါ တယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် သူမက “ရွေ့လျားစာကြည့်တိုက် စီမံကိန်းက အင်မတန် ကြီးကျယ်လာတဲ့ အခါကျတော့ ရိုးရိုးသားသား ပြောရရင် ကျွန်မတို့ ဖောင်ဒေးရှင်း တစ်ခုတည်းနဲ့ မနိုင်တော့ပါဘူး၊ ကျွန်မတို့ ဖောင် ဒေးရှင်း တစ်ခုတည်းက ဦးစီးထားသင့်တဲ့ စီမံကိန်း မဟုတ်တော့ပါဘူး၊ ဒါ နိုင်ငံတော်ကနေပြီး ဦးဆောင်ပြီး လုပ်ရမယ့် စီမံကိန်း ဖြစ်သွားပါပြီ။ ကျွန်မတို့နိုင်ငံမှာ ရွေ့လျား စာကြည့်တိုက်ဆိုတာ ပြန့်ပွားနိုင်တယ်၊ သုံးတဲ့ သူတွေလည်း သိပ်များတယ်။ အောင်အောင်မြင်မြင် လုပ်နိုင်တယ်ဆိုတာ ပြပြီးပြီ ဆိုတော့ ဒီဟာကို နိုင်ငံတော်က ဆက်ပြီးတော့ လုပ်ဖို့ သင့်တော်တယ်လို့ ကျွန်မတို့ ယူဆ လို့ အခုလို လွှဲပြောင်းလိုက်တာဖြစ်ပါတယ်၊ ကျွန်မတို့ အနေနဲ့ ဒီအတိုင်းအတာအထိ လုပ်နိုင်တာ ကိုပဲ အင်မတန်မှ ကျေနပ်ပါတယ်။ ကျွန်မတို့ကို ကူညီမစ ပေးခဲ့တဲ့ မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူကြီးတွေရော လူငယ်တွေရော အားလုံးက တက်တက်ကြွကြွ လုပ်ခဲ့တဲ့ အတွက် အင်မတန်မှ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုအဆင့် အရာရှိများလည်း မိမိတို့အလုပ်နှင့် မသက်ဆိုင်သည့် စာများကို ဖတ်ကြဖို့၊ သို့မှသာ ကိုယ်စိတ်နှလုံး အနားရ ပေါ့ပါးပြီး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်မှာ ဖြစ်ကြောင်း၊ Community Centre များကို ပြည်သူအများက အသုံးပြုကြဖို့၊ စာဖတ်ဝိုင်းများ သာမက တွေ့ဆုံ ဆွေးနွေး မှုများ ဆောင်ရွက်ကြဖို့၊ ပြည်သူများအတွက် ထူထောင်ထားသော ဌာနများ ဖြစ်သောကြောင့် ထိုသို့ အသုံးပြုပါမှ ထူထောင်ထားရကျိုး နပ်မှာဖြစ်ကြောင်း၊ မိမိတို့ လေ့လာ ဆည်းပူး ထားသမျှကို တစ်ဦးနှင့် တစ်ဦး အမြင်ချင်း ဖလှယ်ကြခြင်းဖြင့် ဆက်စပ်ဝန်းကျင် များအတွက်သာမက နောင် မျိုးဆက်များအတွက်ပါ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း၊ ရွေ့လျား စာကြည့်တိုက်များ၊ လူထုအခြေပြုလုပ်ငန်း (Community Centre)များကို ထိထိရောက်ရောက် အသုံးပြုကြစေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြား ခဲ့သည်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကလည်း “ကျွန်တော် တို့ ကို ဒီ Community Center ရဲ့ အသုံးအဆောင် ပစ္စည်းများနဲ့ဝန်ထမ်းများနဲ့ တကွလုပ်ငန်းတာဝန်ပါလွှဲ အပ်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ကိုယုံကြည်စိတ်ချစွာလွှဲအပ်တယ်လို့ ခံယူတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။အဲ့တော့ ကျွန်တော်တို့အနေနဲ့လည်း အဲ့လိုယုံကြည်စိတ်ချခြင်းနဲ့ ထိုက်တန် အောင် ကြိုးစားပါမယ်။ အဲ့တော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ဦးစီးတဲ့ပုဂ္ဂိုလ်များ ချမှတ်ထားခဲ့တဲ့ လုပ်ငန်း ယန္တရား ပုံစံများအတိုင်းကို မပျက်မကွက်ရအောင် ဒီအနေအထားအတိုင်းဆက်ပြီး လည်ပတ်နိုင် အောင် ကျွန်တော်တို့ဆောင်ရွက်ပါ့မယ်။ ဒီအကူးအပြောင်း ကာလတွေမှာ လွှဲပြောင်းပြီးစ ကာလ တွေမှာတော့ နည်းနည်း စောင့်ကြည့်ပြီးတော့ လိုအပ်တာတွေရှိရင် ထောက်ပြပေးဖို့ ကူညီပေးတာ တွေ လုပ်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်” ဟု ပြောကြားခဲ့သည်။(Xinhua)