Connect with us

Politics, Law & Military

New Normal ပုံစံသစ်ဖြင့် ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ

ရန်ကုန်မြို့၌ မျက်နှာဖုံး အကာအကွယ် ၊ နှာခေါင်းစည်းများဖြင့် မဲပေးရန် စောင့်ဆိုင်းနေကြသူများအား ယနေ့ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ –  ရေးသားသူ –  ဟေမာန် ၊ အိမွန်ကျော်

မျက်နှာဖုံး အကာအကွယ် ၊ နှာခေါင်းစည်းများ တပ်ဆင်ထားသည့် ဆန္ဒမဲပေးကြမည့် ပြည်သူများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတ်မှတ်မဲဆန္ဒနယ်များရှိ မဲရုံများ၏ ရှေ့တွင်  စီတန်း စောင့်ဆိုင်းနေကြသည်ကို နေရာအနှံ့အပြားတွင် တွေ့မြင်ခဲ့ရသည်။

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဦးရေ ကိန်းဂဏန်းသည် နေ့စဉ် နှင့် အမျှ မြင့်လာနေခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ရှိကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့ ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား မဲပေးရွေးချယ်ရန်  ပြည်သူများ စိတ်အားထက်သန်နေကြသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်မြို့ တာမွေမဲဆန္ဒနယ် အတွင်းရှိ မဲရုံတစ်ခုရှေ့၌ ရွေးကောက်ပွဲ ကျင်းပသည့်နေတွင် မဲရုံ ဖွင့်လှစ်ချိန် ၆ နာရီမတိုင်မီကတည်းက စိတ်ရှည်စွာဖြင့် လာရောက်စောင့်ဆိုင်းကြသည့် မဲဆန္ဒရှင် ပြည်သူများကိုလည်း တွေ့မြင်ခဲ့ရသည်။

မဲရုံမဖွင့်လှစ်မီအချိန်ကတည်း ဆန္ဒမဲပေးရန် လာရောက် တန်းစီစောင့်ဆိုင်းခဲ့သည့် တာမွေမြို့နယ်မှ မယမင်းက “မဲပေးဖို့ ၆ နာရီ မထိုးခင် ကတည်းက တန်းစီတာပါ။ နိုင်ငံသား တစ်ယောက် တာဝန် ကျေပွန်ချင်လို့ မဲလာပေးတာ ပါ။ အခု အလုပ်တွေတောင် လုပ်နေသေးတာပဲ ဘယ်လောက်ပဲ ရောဂါတွေ သည်းသည်းလှုပ် ဖြစ်ဖြစ် မဲက လာကို လာပေးရမှာပဲ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

COVID-19 ကာလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲလာပေးကြမည့်သူများအတွက် စီမံထားမှု အပေါ် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က “အရင်နဲ့ ဘာတွေပိုထူးခြားလဲဆိုတော့ အခုက COVID-19 ရောဂါဖြစ်ပွားနေတဲ့အတွက် social distancing ဆိုတဲ့ ပုံစံလေးနဲ့ မဲပေးမှုကို ကျင်းပပေးသွားတာပေါ့နော်။ အရင်တုန်းကတော့ COVID-19 မရှိတုန်းကတော့ မိသားစုတွေက ကပ်ပြီး ဝင်လို့ရတယ်။ မဲပေးတာ မြန်ဆန်တယ်။ အခုအခါကျတော့ social distancing တွေနဲ့ မဲပေးမှုကို ဆောင်ရွက်တဲ့အခါမှာ မဲပေးမှုကတော့ နည်းနည်းလေးတော့ ကြာတယ်ပေါ့။ မဲပေးမှုကြာတာထက် လူတွေ ရောဂါမကူးစက်ဖို့ အဓိကထားပြီး ဆောင်ရွက်ပါတယ်။”ဟု ရှင်းပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးအား ရွေးကောက်တင်မြှောက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ ဒသမ ၃ သန်းကျော်ရှိခဲ့ပြီး  မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် မဲရုံပေါင်း ၄၂,၀၀၀ ကျော် ဖွင့်လှစ်ပေးထားခဲ့သည်။

“မဲပေးတာ အဆင်ပြေပါတယ်။ mask တွေ face shieldတွေနဲ့ စည်းစနစ်တကျပေးရတာ အဆင်ပြေပါတယ်။ ဘယ်အစိုးရတက်လာတက်လာ ပြည်သူလူထုလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ နေရထိုင်ရရင်ကို အဆင်ပြေပါတယ်။” စမ်းချောင်းမြို့နယ်မှ ကိုလင်းမြင့်ကျော်က ဆန္ဒမဲပေးအပြီး ၎င်း၏အတွေ့အကြုံအား ရှင်းပြခဲ့သည်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး နှင့် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ်ဦးရေ အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

” မနက် ၅နာရီထဲက မဲပေးဖို့ ထလာတာ၊ COVID-19 ကြောင့် လူထူတဲ့နေရာတွေ လုံးဝရှောင်ခဲ့တာ၊ တိုင်းပြည်အတွက် အပြောင်းအလဲအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ကာကွယ်ရေး လုပ်နည်းတွေနဲ့ အညီ မိသားစုတစ်စုလုံး မဲလာပေးတာပါ၊  ကပ်ရောဂါကြီးကိုကြောက်ပြီး မဲလာမပေးရဲတာမျိုးမလုပ်ဘဲ မဲလာပေးကြပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက်အတွင်းနေထိုင်သူ ဒေါ်အေးသိန်းက ပြောသည်။

အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် မဲဆန္ဒနယ် ၁,၁၇၁ ရှိခဲ့သည့်အနက် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေ ၅၄ နေရာ ရှိခဲ့သဖြင့် မဲဆန္ဒနယ် စုစုပေါင်း ၁,၁၁၇ နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။ 

” မဲပေးဖို့ စောင့်နေတဲ့ လူတန်းကြီးကတော့ မြင်တဲ့အတိုင်းပဲ၊ တစ်ချို့လူစီတဲ့အတန်းရှည်လို့ ၆ပေအကွာတောင် ရပ်မရတော့ဘူး၊ နေပူတဲ့ အကာမပါဘဲရပ်စောင့်လို့ ကိုယ်ဝန်သည်တစ်ဦးတောင် မူးလဲသွားသေးတယ်၊ နေပူလို့ လူများလို့လည်း လှည့်မပြန်ကြဘူး။ မဲရအောင် ပေးပြီးမှ ပြန်မယ်”ဟု မုံရွာမြို့နယ် နန္ဒာဝန်ရပ်ကွက်ရှိ မဲရုံအမှတ်(၆)တွင် မဲလာရောက်ပေးသူ ဒေါ်နီလာက ပြောသည်။

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ၇ လကျော်ကာလအတွင်း လူနာဦးရေမှာ စုစုပေါင်း ၆၀,၃၄၈ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ဆေးရုံဆင်းခွင့် ရရှိသူ ၄၄,၆၆၆ ဦး နှင့် သေဆုံးလူနာ ၁,၃၉၆ ဦး ရှိကြောင်းသိရသည်။

ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ယခင်ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲများ နှင့် နှိုင်းယှဉ်ပါက COVID-19 ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများ နှင့်အတူ မတူညီသော အခြေအနေ ၊ စိန်ခေါ်မှုများကြားမှ ကျင်းပရသော ရွေးကောက်ပွဲ တစ်ခုဟု ဆိုရပေလိမ့်မည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.