Politics, Law & Military
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လစ်လပ် ပျက်ကွက်နေသော အလုပ် အမှုဆောင် အဖွဲ့ဝင်များအား ဇွန်လ ၁၅ ရက်တွင် အစားထိုး ဖြည့်တင်းခြင်းများ ပြုလုပ်မည်
ရန်ကုန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လုပ်ငန်းများနှင့် ပြည်သူလူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင် နိုင်ရန်အတွက် ညီညွှတ် အားကောင်းရန် ရည်ရွှယ်၍ လစ်လပ် ပျက်ကွက်နေသော အလုပ် အမှုဆောင် အဖွဲ့ဝင်များကို အစားထိုး ဖြည့်တင်းရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်ခြင်းများအား ဇွန်လ ၁၅ ရက်မှ စတင် ပြုလုပ်ထားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထိုသို့တင်မြှောက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ပထမ ရွေးချယ် တင်မြှောက်၍ ဒုတိယအားဖြင့် ခရိုင်အဆင့်ဆင့် အလုပ်အမှုဆောင် ရွေးချယ် တင်မြှောက်ပြီး တတိယအားဖြင့် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ် တင်မြှောက်မည် ဖြစ်ကာ အဖွဲ့ချုပ်ဝင် အင်အား အပေါ် မူတည်၍ ရပ်/ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အဆင့်ဆင့်သော အလုပ် အမှုဆောင် အဖွဲ့များမှ အဖွဲ့ဝင် တစ်ချို့သည် လွှတ်တော် ဆိုင်ရာ တာဝန်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရသော အဖွဲ့ဝင်များ ရှိသကဲ့သို့ပါတီနှင့် ကင်းကွာနေသူများ ၊ ပါတီမှ ထုတ်ပယ်ထားသူများ ၊ စည်းကမ်းအရ အရေးယူ ခံနေရသူများ ၊ နှုတ်ထွက်သွားကြသူများ ရှိနေသဖြင့် အဖွဲ့ချုပ် လုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲ ရှိနေသူများကြောင့် ပါတီ တာဝန်များ လစ်ဟင်း ပျက်ကွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အလုပ်အမှုဆောင် အဖွဲ့အဆင့်ဆင့် ရွေးချယ်မှုများကို ဇွန်လ ၁၅ ရက်မှ စ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်ခြင်းများ စတင်ပြုလုပ်၍ ခရိုင် ၊ မြို့နယ် ၊ ရပ်/ကျေး အလုပ် အမှုဆောင် အဖွဲ့ဝင် ရွေးချယ်ခြင်းများကို သြဂုတ်လ ၁၄ ရက် နောက်ဆုံးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)