Connect with us

Politics, Law & Military

ပြည်သူလူထု၏ ယုံကြည်ချက်၊ မျှော်လင့်ချက်များကို ကြိုးစားဖြည့်ဆည်းသွားမည်ဟု NLD ပါတီ ကတိပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ NLD ပါတီဝန်းရံထောက်ခံသူများအား နိုဝင်ဘာ ၉ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြည်သူလူထု၏ ယုံကြည်ချက်၊ မျှော်လင့်ချက်များကို ကြိုးစားဖြည့်ဆည်းသွားမည်ဖြစ်ပြီး ၂၀၂၀ပြည့်နှစ် ၊ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဦးတည်ချက်(၃)ရပ်နှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ လေးနက်စွာ ကတိပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့နိုဝင်ဘာ ၁၇ ရက်တွင် ပြည်သူသို့ အသိပေးချက် ထုတ်ပြန်ခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအထိ နှစ်ပေါင်း (၃၀) ကျော် ပြည်သူလူထု၏ ထောက်ခံမှုကို တစ်ခဲနက် ဆက်တိုက်ရရှိခဲ့သည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အံ့မခန်းသော စည်းရုံးရေးစွမ်းအားကြောင့် ဖြစ်သည်ကို အထူးဖော်ပြ လိုကြောင်း ၊ ရွေးကောက်ပွဲတွင် ပြည်သူလူထုက အဖွဲ့ချုပ်အပေါ် ပြတ်ပြတ်သားသား ထောက်ခံခြင်းကြောင့် မိမိတို့ဘက်ကလည်း ပြည်သူလူထု၏ ကျေးဇူးနှင့် ပြည်သူလူထု၏ ယုံကြည်မှုတို့ကို ကိုက်ညီစေရန် တာဝန်ကျေရမည်ဟု ခံယူကြောင်း ၊ သို့ရာတွင် မိမိတို့အဖွဲ့ချုပ်ကို ထောက်ခံသူများသာမက မထောက်ခံသူများ၏ အခွင့်အရေး များကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဟုခံယူကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

၁၉၉၀ ခုနှစ်တွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ၉၅ ရာခိုင်နှုန်းကျော်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းခန့်နှင့် ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင် ဖွဲ့စည်းစဉ်ကတည်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရေးဟူသော နိုင်ငံရေး ရည်မှန်းချက်ထားရှိခဲ့ကြောင်း ၊ တစ်ဆက်တည်းပင် ခေတ်အဆက်ဆက် ဖြစ်ပွားနေခဲ့သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ ထိုရည်မှန်းချက်များနှင့်အညီ နိုင်ငံရေးခရီးကြမ်းကြီးကို ဦးလည်မသုန် ဆက်လက်ချီတက် ခဲ့ရာ၌ အဆိုးလောကဓံများ ရင်ဆိုင်ဖြတ်သန်းခဲ့ရာတွင် ပြည်သူလူထု၏ ထောက်ခံအားပေးမှုနှင့် အဖွဲ့ချုပ်၏ ကျင့်စဉ်ဖြစ်သော အကြမ်းမဖက်သော နည်း(ဝါ) ပြည်သူအများ မထိခိုက်မနစ်နာ စေသောနည်းများကို တစ်စိုက်မတ်မတ် ကိုင်စွဲကျင့်သုံးခဲ့ကြောင်း ၊ ဒီမိုကရေစီခရီးလမ်းတွင် ကြုံတွေ့ခဲ့ရသော အထွေထွေရွေးကောက်ပွဲများကိုလည်း ဖော်ပြပါ မူဝါဒများအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်းဟူသော အဓိကကျသည့် နိုင်ငံရေးဦးတည်ချက်များချမှတ်၍ ပါဝင်ဆင်နွှဲခဲ့ကြောင်းလည်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုထုတ်ပြန်ပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅၈ ဦး ၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၁၃၈ ဦး ၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် ၅၀၁ ဦး နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၃ ဦး စုစုပေါင်း ၉၂၀ ဦး အနိုင်ရရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာအတွက် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁,၁၁၃ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး တို့အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.