Connect with us

Politics, Law & Military

စီးပွားရေးလုပ်ငန်းလေးများအား ပံ့ပိုးရန်အတွက် ချေးငွေလိုအပ်သည့် ပြည်သူများ ရနိုင်ရန် စီစဉ်နေဟုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ချေးငွေလိုအပ်သည့် ပြည်သူများ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းလေးများအား ပံ့ပိုးရန်အတွက် စီစဉ်နေကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“ဒီလိုအသေးစားငွေချေးရခြင်းဟာ ကျွန်မတို့ရဲ့ အခြေခံ လူတန်းစား၊ ကျွန်မတို့ ပြည်သူလူထု တော်တော်များများအတွက် လိုအပ်ချက်တစ်ခုဖြစ်တယ် ဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါကြောင့် ချေးငွေလိုအပ်တဲ့ ပြည်သူတွေ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းလေးတွေကို ပံ့ပိုးဖို့အတွက်၊ ချေးငွေလိုအပ်တဲ့ ပြည်သူများ ရနိုင်ဖို့အတွက် စီစဉ်နေပါတယ်။ ကျွန်မတို့ စပြီးဆွေးနွေးနေပါတယ်။ မကြာမီ နှစ်ပတ်၊ သုံးပတ်လောက် အတွင်းမှာ ဘယ်လိုအစီအစဉ်တွေ ရှိတယ်ဆိုတာ ပြည်သူတွေကို တင်ပြနိုင်မယ်လို့ မျှော်လင့် ပါတယ်။ စီးပွားရေးနဲ့ပတ်သက်လို့လည်း ကျွန်မတို့ တတ်နိုင်သမျှ လုပ်နေပါတယ်။ ပြည်သူ တွေကလည်း ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်။”ဟု ၎င်းက COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ COVID-19 ရောဂါပြန့်ပွားမှု အများဆုံး ဖြစ်ပြီး လူဦးရေ များသည့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းများ နှင့် ညှိ၍ ပြန်ဆပ်ရမည့် ပြည်သူများ အနေဖြင့် ကြွေးကျန်များကို ဆပ်ချိန် ဆိုင်းငံ့ပေးရန် အစီအစဉ်များ စပြီး ဆောင်ရွက်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

” ကျွန်မတို့နိုင်ငံရဲ့ ငွေရေးကြေးရေး အခြေအနေအရ၊ အရင်းအမြစ် အခြေအနေအရ တစ်တိုင်းပြည်လုံးကိုတော့ ဒီကိစ္စမှာ ကူညီလို့မရပေမယ့် ကိုဗစ်ရောဂါပြန့်ပွားမှု အများဆုံး ဖြစ်ပြီး လူဦးရေလည်း များတဲ့ ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုကို ရွေးပြီးပါပြီ။ အဲဒါကတော့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ ရွေးပြီးတော့ အဲဒီက အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းတွေကို ကျွန်မတို့ အစိုးရအဖွဲ့နဲ့ ညှိပြီးတော့ ပြန်ဆပ်ရမယ့် ပြည်သူတွေအနေနဲ့ ကြွေးကျန်တွေကို ဆပ်ချိန် ဆိုင်းငံ့ပေးဖို့ အစီအစဉ်တွေ စပြီးတော့ ဆောင်ရွက်နေပါတယ်။ ကြုံတုန်းပြောချင်တာကတော့ တချို့ ပြည်သူတွေက ဒီလိုအသေးစား ငွေချေးအဖွဲ့အစည်းတွေရှိတဲ့အခါ တစ်နေရာတည်း မဟုတ်ဘူး။ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာ လိုက်ပြီးချေးတဲ့အခါ ကြွေးဝန်တွေပိပြီး ပြဿနာ တက်ပါတယ်။ဒါကြောင့် ကျွန်မကတော့ အဲဒီလိုမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ယခုချိန်တွင် လူစုလူဝေးများ အနည်းငယ် ဖြစ်ခဲ့ခြင်းကြောင့် COVID-19 ရောဂါပြန့်ပွားနှုန်းလည်း လာမည့်တစ်ပတ် ၊ နှစ်ပတ်အတွင်း အနည်းငယ် တက်လာနိုင်သည် ဆိုသည်ကို ယခုကတည်းက စ၍ သတိပြုရမည် ဖြစ်ကြောင်း ၊ ဆက်ပြီး မဖြစ်ရအောင် လူစုလူဝေးများကို ရှောင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီအချိန်မှာ ကျွန်မတို့အနေနဲ့ သတိထားရမှာ ကတော့ ရွေးကောက်ပွဲနောက်ပိုင်းကာလမှာ လူစုလူဝေးတွေဖြစ်ခဲ့တယ်ဆိုတာ ပြည်သူတွေ အသိဆုံးပါပဲ။ အဲဒီတော့ ဒီလို လူစုလူဝေးဖြစ်တယ်ဆိုရင် ဒီရောဂါပြန့်ပွားနှုန်းဟာ အလားအလာ များပါတယ်။ အခုအချိန်မှာဆိုရင် ကျွန်မတို့ လေ့လာလိုက်တဲ့အခါ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလည်း ရောဂါပြန့်ပွားမှုတွေ ရှိလာပါတယ်။ အားလုံးသိပြီးသားပါ။ ရန်ကုန်ကတော့ အများဆုံးပေါ့။ ဒါ့အပြင် ဒီတိုင်းဒေသကြီး (၃)ခုမှာလည်း ရောဂါပြန့်ပွားမှုဟာ နည်းနည်းတက်လာတဲ့သဘော ရှိပါတယ်။ အဲဒါကြောင့် သတိထားစေချင် ပါတယ်။ သတိဆိုတာတော့ လွန်ကဲတယ်လို့ မရှိဘူးဆိုတာလည်း ထပ်ပြီးတော့ ပြောချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။

“COVID-19 ရောဂါနဲ့ပတ်သက်လို့ ရာသီဥတုအေးလာပြီဆိုတဲ့အတွက် ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ၊ အတွေ့အကြုံအရဆိုရင်လည်း ကိုဗစ်ရောဂါပိုးဟာ အေးတဲ့ရာသီမှာ နည်းနည်းပိုပြီးတော့ ပွားများရှင်သန်တဲ့သဘောရှိပါတယ်။ ဒါကြောင့်ဆောင်းတွင်းရောက်လာတာနဲ့အမျှ ပိုပြီးတော့ သတိထားဖို့လိုပါတယ်။ ကံကောင်းထောက်မစွာ ကျွန်မတို့နိုင်ငံက ဆောင်းတွင်းဆိုတာ တချို့နေရာတွေမှာ သိပ်ပြီး အေးတာမဟုတ်ပါဘူး။ သို့သော်လည်း အေးတဲ့နေရာတွေလည်းရှိပါတယ်။ အေးတဲ့နေရာတွေမှာတော့ အထူးသတိထားဖို့ လိုပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၁၁,၇၃၉ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၇၀,၁၆၁ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၅၃,၂၉၉ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၅၉၉ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)