Science & Technology
လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင် သားပေါက်များ ပေါက်ဖွားမှု ရှိ၊ မရှိ စစ်တမ်း ကောက်ယူ
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေ တိုးချိန်ဖြစ်၍ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင် သားပေါက်များ ပေါက်ဖွားမှု ရှိ၊ မရှိ ကို ကွန်ပစ် ရေလုပ်သားများ နှင့် ချိတ်ဆက်၍ စစ်တမ်း ကောက်ယူမှု ဆောင်ရွက်လျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် မန္တလေးမှ ကျောက်မြောင်း အတွင်း ရေတက်ချိန် ဖြစ်သည့်အတွက် ဧရာဝတီလင်းပိုင် များကို တွေ့မြင်နိုင်ရန် ခက်ခဲပြီး ယခုလက်ရှိ ဝါဆို၊ ဝါခေါင်လ တို့တွင် ၎င်းလင်းပိုင် အချို့သည် စစ်ကိုင်းဘက်သို့ အုပ်စုလိုက် ပြောင်းရွှေ့ကျက်စားကြကာ ရေကျချိန်ဖြစ်သည့် စက်တင်ဘာလ လောက်မှသာ ထိန်းသိမ်းရေး ဧရိယာသို့ ပြန်လာကျက်စားလေ့ ရှိကြောင်း သိရသည်။
၎င်း ထိန်းသိမ်းရေး ဧရိယာအတွင်း လက်ရှိအချိန်ထိ စစ်တမ်း ကောက်ယူမှုအရ လင်းပိုင် အကောင်ရေ ၂၅ ကောင်ရှိပြီး ထိန်းသိမ်းရေး ဧရိယာပြင်ပ၌ အကောင်ရေ ၄ဝ ရှိကာ ဧရာဝတီမြစ် အတွင်း စုစုပေါင်း လင်းပိုင် အကောင်ရေ ၆၅ ကောင်နေထိုင် ကျက်စားလျက် ရှိကြောင်း သိရသည်။
ထိုဧရိယာအတွင်း၌ ရှိသည့် လင်းပိုင်များကို တစ်လလျှင် နှစ်ကြိမ် အသေအပျောက်နှင့် သားပေါက်မှု ရှိ၊မရှိ တို့ကို စစ်တမ်း ကောက်ယူလျက် ရှိရာ ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ဗန်းမော်ဘက်သို့လည်း တစ်နှစ်လျှင် တစ်ခါ သွားရောက်၍ နည်းပညာနှင့် အသိပညာ ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)