Connect with us

Social

နာဂစ်မုန်တိုင်း၌ ကူညီပေးခဲ့သော မြန်မာနိုင်ငံမှ သူနာပြု တစ်ဦး ဖလော့ရင့် နိုက်တင်ဂေးဆု ရရှိ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ပေးပို့သော (၄၅) ကြိမ်မြောက် ဖလောရင့်နိုင်တင်ဂေးလ် ဆုရရှိသူများစာရင်း ထုတ်ပြန်အကြောင်းကြားစာ ကို ဆုရရှိသူ ဦးစနိုင်နိုင်ထွန်း လက်ခံရရှိစဉ်(Myanmar Red Cross Society facebook စာမျက်နာ မှ ကူးယူဖော်ပြသည်။)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက သူနာပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်သူများအား ပေးအပ်သည့် ဖလော့ရင့် နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံမှ နာဂစ် မုန်တိုင်းကာလ အတွင်း ကူညီပေးခဲ့သော ဦးစနိုင်နိုင်ထွန်းမှ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိန်းက ဆင်ဟွာသို့ ပြောကြားသည်။

ဖလော့ရင့် နိုက်တင်ဂေး ဆုတံဆိပ် ( ဓါတ်ပုံ – Wikipedia )

“ နိုင်ငံတကာ အဆင့်ရှိတဲ့ ဆုတစ်ဆုပေါ့၊ ရမှာက ဆုတံဆိပ်နဲ့ ဂုဏ်ပြုလွှာပေါ့ ၊ တခါတခါ ဟိုထိ သွားယူရတာ ရှိတယ်၊ ဒီကို ဆု ပို့ပေးတာရှိတယ်၊ အလွန်ကို ဂုဏ်ယူစရာကောင်းတဲ့ ဆုပါ”ဟု ၎င်းက ဆိုသည်။
(၄၅) ကြိမ်မြောက် ဖလောရင့် နိုက်တင်ဂေး ဆုကို မြန်မာနိုင်ငံမှ ဦးစနိုင်နိုင်ထွန်း အပါအဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ သူနာပြု (၃၆) ဦးရရှိခဲ့သည်။

ဦးစနိုင်နိုင်ထွန်းသည် အစိုးရ ဝန်ထမ်း တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော နာဂစ် မုန်တိုင်း ကာလအတွင်း မိမိတာဝန်ကျရာ ဟိုင်းကြီးကျွန်းရှိ မုန်တိုင်းဒဏ်ခံ ပြည်သူများအား ဘေးကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သူနာပြုပေးခြင်း တို့ကို သက်စွန့်စံဖျား ဆောင်ရွက်ခဲ့သောကြောင့် ဖလော့ရင့် နိုက်တင်ဂေးဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယင်းဆုမှာ သူနာပြုများ အတွက် ကမ္ဘာ့အမြင့်ဆုံး ဆုဖြစ်ပြီး ယနေ့အထိ (၁၄၄၉) ဦးကို ရွေးချယ် ချီးမြှင့်ပြီး ဖြစ်ပါသည်။
အဆိုပါ ဆုကိုရရှိသော မြန်မာနိုင်ငံသား ဦးစနိုင်နိုင်ထွန်းသည် ၎င်းနေရပ် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမှ ရန်ကုန်မြို့သို့ မေ ၂၇ ရက်နေ့တွင် ရောက်ရှိပြီး ယင်းဆု ရရှိခြင်းနှင့် ပတ်သတ်သော ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖလောရင့် နိုက်တင်ဂေးဆု အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တင်သွင်းပေးခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် အဆိုပါဆုကို လေးဦး ရရှိခဲ့ပြီ ဖြစ်သည်။
ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် သဘာဝကြောင့် ဖြစ်သော ဘေးအန္တရာယ် များကြောင့် သော်လည်းကောင်း၊ လူ့ပယောဂ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ကြောင့်သော် လည်းကောင်း ဒဏ်ရာ ရနေသူ၊ ဖျားနာနေသူ၊ မသန်စွမ်း ဖြစ်နေသူ ပြည်သူများကို သက်စွန့်ဆံဖျား ကူညီ ကယ်ဆယ် ပြုစုသူ (သို့မဟုတ်) လူထုကျန်းမာရေး သို့မဟုတ် သူနာပြု အသိပညာဆိုင်ရာ ကိစ္စများတွင် စံပြုထိုက်လောက်အောင် ဦးစီးဦးဆောင်ကာ တီထွင် ဖန်တီး လုပ်ဆောင်သူ သူနာပြုများအတွက် ရည်ရွယ်ကာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများက ဦးဆောင် ချီးမြှင့်သော ဆု ဖြစ်ပါသည်။ (Xinhua)