Social
ရန်ကုန်တိုင်းဒေသကြီးတွင် မြေအသုံးပြုခွင့်လျှောက်ထားခြင်း နှင့်ပတ်သက်၍ မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးတွင် မြေအသုံးပြုခွင့်လျှောက်ထားသူများအနေဖြင့် လျှောက်ထားကာလမှာ (၁)လ အတွင်း ဖြစ်သည့်အတွက် လျှောက်လွှာဝယ်ယူရန် စိတ်ပူပန်စွာ စောင့်ဆိုင်း၊ ဆောင်ရွက်ရန်မလိုဘဲ စည်းကမ်းချက်များ၊ မြေကွက်တည်နေရာများကို သေချာဖတ်ရှု၍ ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူပါက ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီမှ နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာများတွင် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ လူနေထိုင်ရန်အတွက်လည်းကောင်း၊ မြေအသုံးပြုခွင့်လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာရောင်းချမည့်နေ့မှာ ၇-၁၀-၂၀၁၉ ရက်နေ့မှ လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ဖြစ်သည့် ၈-၁၁-၂၀၁၉ ရက်နေ့ထိ လျှောက်လွှာဝယ်ယူ/တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
လျှောက်လွှာပါ အချက်အလက်များကို ကြိုတင်လေ့လာထားပြီး မိမိလျှောက်ထားရမည့် အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ထားပါက လျှောက်လွှာရရှိသည်နှင့် အချိန်တိုအတွင်း ဖြည့်စွက်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ မြေအသုံးပြုခွင့်လျှောက်ထားသူများ အနေဖြင့်၊ လျှောက်လွှာရရှိရေးကို အဓိက မထားဘဲ (၁)လ အတွင်း ဆောင်ရွက်နိုင်ပါသဖြင့် အေးဆေးသက်သာစွာ လျှောက်လွှာရယူဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းအပ်ကြောင်း အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)