Connect with us

Social

ရန်ကုန်မြို့၌ လက်နှိပ်စက် စာစီစာရိုက် ဈေးကွက်မှာ တောင်းဆိုမှုများ ရှိနေဆဲဖြစ်

ရန်ကုန်မြို့၌ လက်နှိပ်စက်ဖြင့် ဉပဒေရေးရာ စာချုပ်များကို စာစီစာရိုက် ပြုလုပ်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ခေါင်ရှိ လူသွားလာမှု များပြားသည့် လမ်းအိုဟောင်း တစ်လျှောက် ဖြတ်လျှောက် လိုက်လျှင်ပင် ပျံ့လွင့်နေသည့် လက်နှိပ်စက် စာရိုက်သော အသံများကို ကြားမိရင်း တစ်ချိန်တစ်ခါက ခေတ်စားခဲ့သော လက်နှိပ်စက် များ၏ ရွှေခေတ်ဆီသို့ ပြန်လည် သတိရမိစေခဲ့သည်။

မဟာဗန္ဓုလ ပန်းခြံလမ်းဘေး တစ်လျှောက်တွင် အများအားဖြင့် သက်လတ်ပိုင်း အရွယ် လက်နှိပ်စက် စာရိုက်သူ များမှာ စာစီစာရိုက် ဆိုင်ခန်းငယ်များ၌ လက်နှိပ်စက် ခလုတ်များ အပေါ်တွင် အဆက်မပြတ် အသံကျယ်လောင်စွာ စာရိုက်နေကြ သည်များကို တွေ့မြင် ရသကဲ့သို့ ၎င်းတို့၏ ဘေးတွင် လုပ်ငန်း အပ်နှံသူများက တရားဝင် စာရွက် စာတမ်းများတွင် ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များအား လက်နှိပ်စက် စာရိုက်သူများကို ပြောပြနေမှုများကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံ၌ ကွန်ပြူတာ မပေါ်ပေါက်မီ ကာလက လက်နှိပ်စက်များသည် ဈေးကွက် တွင် အများဆုံး နေရာ ရရှိခဲ့ပြီး အစိုးရရုံးများ ၊ တရားရုံးများ ၊ ကုမ္ပဏီများ အစရှိသဖြင့် နေရာတိုင်းတွင် လက်နှိပ်စက် ရိုက်သံများကို ကြားရနိုင်ပေသည်။

သို့သော် ယနေ့ နောက်ဆုံးပေါ် ကွန်ပြူတာခေတ်သို့ ရောက်ရှိလာနေသော်လည်း သက်တမ်းရင့် လက်နှိပ်စက်များက လက်နှိပ်စက် တစ်ခုတည်းကိုသာ ချစ်မြတ်နိုးစွာဖြင့် စွဲစွဲမြဲမြဲ စာရိုက်နေသူများ အတွက် ဝင်ငွေများ ရှာပေး နေဆဲ ဖြစ်သည်။

လက်နှိပ်စက် စာရိုက်သူ များကို လုပ်ငန်း အပ်နှံသူများမှာ ထိမ်းမြား မင်္ဂလာ ကတိသစ္စာ ပြုလွှာတွင် စာဖြည့်စွက်လိုသူများ ၊ ဉပဒေ ရေးရာ စာရွက်များ အတွက် ရှေ့နေစာရွက်စာတမ်းများ အများဆုံး ရှိကြပြီး လက်နှိပ်စက် စာရိုက်သူများက မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် စာစီစာရိုက်ကြကြောင်း သိရသည်။

ရန်ကုန်မြို့၌ လက်နှိပ်စက်ဖြင့် ဉပဒေရေးရာ စာချုပ်များကို စာစီစာရိုက် ပြုလုပ်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်မြို့၌ လက်နှိပ်စက်ဖြင့် ဉပဒေရေးရာ စာချုပ်များကို စာစီစာရိုက် ပြုလုပ်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်မြို့၌ လက်နှိပ်စက်ဖြင့် ဉပဒေရေးရာ စာချုပ်များကို စာစီစာရိုက် ပြုလုပ်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်မြို့၌ လက်နှိပ်စက်ဖြင့် ဉပဒေရေးရာ စာချုပ်များကို စာစီစာရိုက် ပြုလုပ်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ) 

နှစ်ပေါင်း ၂၀ ကျော် အကြာ လက်နှိပ်စက် စာစီစာရိုက်ဆိုင် ကိုယ်ပိုင် ဖွင့်လှစ်ထားသော လက်နှိပ်စက် စာရိုက်သူ တစ်ဉီး ဖြစ်သူ ဒေါ်မြင့်မြင့်ဉီးက “စာရေးဆရာတွေနဲ့ လူတစ်ဉီးချင်းစီ အတွက် ရိုက်ရတာတွေမျိုး လျှော့နည်းသွားပေမယ့် ဉပဒေ စာချုပ် တွေနဲ့ တခြား နိုတြီ စာရွက်စာတမ်း အလုပ်တွေက ဝင်ငွေနဲ့ ကျွန်မ စားဝတ်နေရေး လုံလောက်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ဉီးမှာ ယခင်က တရားရုံး၌ ဆယ်နှစ်ခန့် အလုပ်လုပ်ခဲ့သည့် အတွက် ထိုစဉ်ကတည်းက ၎င်း၏ မိတ်ဆွေ တရားရုံး ရှေ့နေ နှင့် ရှေ့နေများက သူမဆိုင်၏ ပင်တိုင် ဖောက်သည်များ ဖြစ်လာခဲ့သည်။

“အရင်က အစိုးရရုံး ဒါမှမဟုတ် ပုဂ္ဂလိက ကုမ္ပဏီတွေမှာ အလုပ်လျှောက်ဖို့ဆိုရင် လက်နှိပ်စက် ရိုက်တတ်မှ အလုပ်ရနိုင်ပါတယ်။ဒါကြောင့် လက်မှတ်ရ စာစီစာရိုက် တစ်ဉီး ဖြစ်ဖို့ သင်တန်းတွေ တက်ခဲ့ရတယ်။”သူမက ပြောကြားခဲ့သည်။

နောက်ဆုံးပေါ် ကွန်ပြူတာခေတ်ကာလတွင် လက်နှိပ်စက်များ၏ ဈေးကွက်သည် ခေတ်ကာလ အပြောင်းအလဲများနှင့် အတူ ရိုးရိုး လက်နှိပ်စက်များ သာမက လျှပ်စစ် အသုံးပြုသော လက်နှိပ်စက်များဖြင့်လည်း ပုံစံ အမျိုးမျိုး ရှိလာခဲ့ကြသည်။

သို့သော်လည်း လျှပ်စစ် အသုံးပြုခြင်း မရှိဘဲ စာစီစာရိုက်နိုင်သော ရိုးရိုး လက်နှိပ်စက်များကိုသာ အများဆုံး ကြိုက်နှစ်သက်ကြပြီး  လက်နှိပ်စက် စာရိုက်သူ တစ်ဉီး ဖြစ်သူ ဉီးမြတ်ကောင်းက “ထိုင်ဖို့နေရာ တစ်ခုရယ် ၊ လက်နှိပ်စက် တစ်လုံးရယ် ၊ စာရိုက်ဖို့ စာရွက်စာတမ်းတွေရယ် ရှိမယ်ဆိုရင် လက်နှိပ်စက် စာစီစာရိုက်ဆိုင် တစ်ဆိုင် ဖွင့်လို့ရပါတယ်။”ဟု ပြောကြားခဲ့သည်။

 “ဒီနေ့ထိ လက်နှိပ်စက် စာစီစာရိုက် ဈေးကွက်က အလုပ်ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် လက်နှိပ်စက် စာရိုက်သူ တစ်ယောက်က လက်နှိပ်စက် ကောင်းကောင်း ရိုက်တတ်ရုံ တင်မကဘူး။ သက်ဆိုင်ရာ နယ်ပယ် ၊ ဘာသာစကား ၊ အမြန်နှုန်း နဲ့ တိကျမှု တွေအတွက် အသိပညာ ကျွမ်းကျင်မှု ရှိပြီးသား မဟုတ်ဘူး ဆိုရင် လက်နှိပ်စက် စာရိုက်သူကောင်း တစ်ယောက် ဖြစ်လာမှာ မဟုတ်တဲ့ အတွက် လက်နှိပ်စက် စာစီစာရိုက်သူ လုပ်ကိုင်သူတွေ နည်းလာပါတယ်။ဒါကြောင့် ယနေ့ခေတ်ကာလမှာ လက်နှိပ်စက်ကို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်တဲ့ အရည်အချင်းရှိတဲ့သူကတွေ အရေအတွက် နည်းနည်းပဲ ကျန်ပါတော့တယ်။”ဟု စာစီစာရိုက် နှင့် လက်နှိပ်စက်များ ပြုပြင်သည့် လုပ်ငန်း လုပ်ကိုင်သော ဟိန်း ဆိုင်၏ ပိုင်ရှင် ဉီးမြတ်သိန်းက ပြောသည်။

သတင်းအချက်အလက် လုံခြုံမှု ရှုထောင့်မှကြည့်မည် ဆိုပါက လက်နှိပ်စက်များက အလုပ်လာအပ်နှံသည့် ဖောက်သည်များအတွက် အခြားသူများကို သိရှိရန် မလိုလားသည့် သတင်းအချက်အလက်များကို လက်နှိပ်စက် စာရိုက်သူ နှင့် အလုပ်အပ်နှံသူ အကြားသာ သိရှိနိုင်ပြီး နောက်ဆုံးပေါ် ကွန်ပြူတာများနှင့် နှိုင်းယှဉ်ပါက အချက်အလက် ထိုးဖောက်ရယူရန် လုံခြုံရေး အရ အခက်အခဲများ ရှိသဖြင့် အလုပ်လာအပ်နှံသည့် ဖောက်သည်များအတွက် လက်နှိပ်စက်သည် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ 

ယခုအခါတွင် မြန်မာ့ လက်နှိပ်စက် ဈေးကွက် အတွင်း၌ စက်အသစ်များ ထပ်မံ ဝင်ရောက်လာခြင်း မရှိတော့သော်လည်း ဈေးကွက်တွင် ခေတ်ဟောင်းက လက်နှိပ်စက်များကို ပြန်လည် ပြုပြင် မွမ်းမံကာ လေလံတင် ရောင်းချခြင်းများသာ ရှိနေတော့ကြောင်း သိရသည်။

သို့သော် ခေတ်ဟောင်းက လက်နှိပ်စက်များကို သတိတရ လွမ်းဆွတ်ကာ ကြိုက်နှစ်သက်ကြသည့် လူများလည်း ရှိနေကြဆဲ ဖြစ်သည်။

သက်ကြီး စာရေးဆရာ တစ်ဉီး ဖြစ်သူ မောင်ကမာ္ဘ က  “ဒီနေ့ဆိုရင် ခေတ်မီ ကွန်ပြူတာတွေ ပေါ်လာပေမယ့် စာမူတွေကို လက်နှိပ်စက်နဲ့ ရိုက်တဲ့ အခါ ဖြစ်လာတဲ့ ခံစားချက်တွေကိုတော့ အစားမထိုးနိုင်ကြသေးပါဘူး။”ဟု ရှင်းပြခဲ့ပြီး ၎င်းမြတ်နိုးသည့် လက်နှိပ်စက်များက ဈေးကွက် အတွင်း သူ့တန်ဖိုးနှင့်သူ ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)   

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.