Social
ကထိန် ပွဲခင်းပါတဲ့ လတန်ဆောင်တိုင်
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)
မြန်မာ့ရိုးရာ ၁၂ လရာသီတွင် တန်ဆောင်မုန်းလ၏ ထင်ရှားသော ပွဲတော် ဖြစ်သည့် ကထိန် ပွဲခင်းခြင်း (ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများမှာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ ကျင်းပကြသော ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း အလှုဒါနများအား နိုင်ငံ အဝန်း မြို့ပြ ၊ ကျေးလက် နေရာအနှံ့ ကျင်းပ ဆင်နွဲကြသည်။
ကထိန်ပွဲ ပြုလုပ်ခြင်းကို ကထိန်ခင်းသည် ဟုဆိုကြပြီး မြန်မာ ဗုဒ္ဓဘာသာဝင် တို့သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန် သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြသည်။ “ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ စကား“ကထိန” မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခန့်ခြင်း” ဟူသော အနက်ရှိသည်။
ရွှေတိဂုံ စေတီတော်၌ မသိုးသင်္ကန်း ရက်လုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)
တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်း ကထိန်ခင်းခြင်းနှင့် အတူ မသိုးသင်္ကန်း ရက်လုပ်၍ လှူသော အလှူပွဲကို အထင်ကရ စေတီတော်ကြီးများတွင် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့မကူးမီ ပူဇော် လှူဒါန်းလေ့ရှိကြပြီး တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ အဖိတ်နေ့မှ နောက်တစ်ရက်လပြည့်နေ့သို့ မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို “မသိုးသင်္ကန်း”ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်မှာ“မီးရှူး၊ မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (ဝါ) အမိုက်အမှောင်ကို မီးအလင်းရောင် ဖြင့် ပျောက်လွင့်စေသောလ” -ဟု ၊ဆိုကြပြီး “တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(ဝါ) မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပ ဆင်နွှဲကြသည်။
မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် ညအခါသမယ တွင် မယ်ဇလီဖူး ကိုအဆာ စုံစွာသုပ်၍ မိသားစုဝင်များ အားလုံး စားသုံးကြခြင်း ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား မယ်ဇလီဖူးသုပ် အထုပ်ငယ် များကို ဆေးဝါး အဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပြီး ထိုညတွင် နက္ခတ်၊ ကြယ်တာရာ စုံညီစွာ ပေါ်ထွန်းသောကြောင့် ၊ ဆေးအာနိသင်များ နိုးကြွ ထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည”ဟုလည်း ယုံကြည်ကြသည်။
ရိုးရာ ၁၂ လ ရာသီတွင် တန်ဆောင်မုန်းလသည် မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန် ဖြစ်၍ “မိုးလအဆုံး-တန်ဆောင်မုန်း” ဟူ၍ ဆိုလေ့ရှိကြသကဲ့သို့ လယ်ယာစိုက်ခင်းကွင်းပြင်တွင် စပါးကောက်နှံများ ရှင်သန် ပြည့်ဖြိုးမှုများအား မြင်တွေ့ရသဖြင့် တောင်သူ လယ်သမားများ ရွှင်မြူးပြုံးပျော်ကြသည့် အတွက် “တောင်သူ ရွှင်ပြုံး-တန်ဆောင်မုန်း”ဟု လည်းဆိုကြပြီး စပါးနှံတို့၏ သဘာဝကို အမှီပြုလျက် “ ဖုံးတုံးလုံးတုံး-တန်ဆောင်မုန်း”ဟု ဆိုကြသည်ကိုလည်း တွေ့ရပြန်သည်။(Xinhua)