Social
ကုမ္ပဏီများ ဖွဲ့စည်း မှတ်ပုံတင်ခြင်း နှင့် မှတ်ပုံတင်ကြေး ပြင်ဆင် ဆောင်ရွက်ရာ ကုမ္ပဏီ ၁၁၀၅ ခုထိ တိုးတက်လာ
ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)
ကုမ္ပဏီများ ဖွဲ့စည်း မှတ်ပုံတင်ခြင်း နှင့် မှတ်ပုံတင်ကြေး အတွက် ပေးဆောင်ရမည့် နှုန်းထားများကို ပြင်ဆင် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် ၊ ဇူလိုင်လတွင် ကုမ္ပဏီ ၅၃၉ ခု မှတ်ပုံတင်ခဲ့ရာမှ ကုမ္ပဏီ ၁၁၀၅ ခုထိ တိုးတက်လာကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့မှုအပေါ် သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ထို့ပြင် တယ်လီဖုန်း ပြောဆိုခ အပေါ် ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းမှ ဧပြီလအတွင်း ကျပ် ၇,၄၅၄,၉၂၅,၄၉၃ ကောက်ခံ ရရှိခဲ့ပြီး ကောက်ခံရရှိငွေများအား ပညာရေး ကဏ္ဍတွင် သုံးစွဲနိုင်ရန် ပညာရေး ဝန်ကြီးဌာန သို့ လွှဲပြောင်း ပေးပြီး ဖြစ်ကြောင်း ၊ ၂၀၁၆ ခုနှစ် ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီးပါက ပညာရေး ကဏ္ဍတွင် သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)
ရန်ကုန်ဆိပ်ကမ်း နှင့် လေဆိပ်တို့တွင် မြန်မာ အလိုအလျောက် နည်းသုံး ကုန်စည် ရှင်းလင်းရေး စနစ်(Myanmar Automated Cargo Clearance System MACCS) အသုံးပြု၍ ကုန်စည် ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန် ရှင်းလင်းချက် အရ သိရသည်။
ထို့အတူ ဆိပ်ကမ်းတွင် ထုတ်ကုန်/သွင်းကုန် ရှင်းလင်းခြင်းများ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်း ၊ လေကြောင်း ကုန်စည် သွင်းကုန် ရှင်းလင်းရေး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ အဖြစ် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက် ကျန်ဌာန/အဖွဲ့အစည်းများမှ အမျိုးသား မှတ်တမ်း နှင့် ဥပဒေ အရ မော်ကွန်းတိုက် မှတ်တမ်းများ ၊ မော်ကွန်းများ ရယူ စုဆောင်းခြင်း ၊ နည်းပညာဖြင့် ထိန်းသိမ်းခြင်း ၊ နိုင်ငံတော် နှင့် အများပြည်သူ ရည်ညွှန်း ကိုးကား အသုံးပြု နိုင်စေရန် အထောက်အကူပြု ဆောင်ရွက်ခြင်း ၊ ဝန်ကြီးဌာန အဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဌာနဆိုင်ရာပိုင် မော်တော်ယာဉ် ၊ မော်တော် ဆိုင်ကယ် နှင့် စက်ကြီး/ယန္တရားများအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ၊ ငွေစုဘဏ်အပ်ငွေ အတိုးအား တစ်နှစ်လျှင် ၂ ကြိမ် အတိုး ထည့်ပေးခြင်း အစား ၃ လ တစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် ၄ ကြိမ် ထည့်သွင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)