Social
တွံတေးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက် ဖမ်းဆီးရမိခဲ့ပြီး ငွေစက္ကူအတုများ ဝင်ရောက် လာသည့် လမ်းကြောင်းအား စိစစ်နေ
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)
တွံတေးမြို့နယ် မြောင်းတလုပ်ကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက်အား ဇန်နဝါရီ ၂၈ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး ငွေစက္ကူအတုများ ဝင်ရောက်လာသည့် လမ်းကြောင်းအား စိစစ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ခတ္တိယရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် သတင်းအရ တွံတေး မြို့နယ် မြောင်းတလုပ်ကျေးရွာရှိ ဦးထွေး၏ နာရေး နေအိမ်၌ ရောက် ရှိနေသူ ဇော်ဇော်ဟိန်း(ခ)ကိုဇော်အား စစ်ဆေးရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ် အတွင်းမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ သိမ်းဆည်း ရမိခဲ့ပြီး ခလောက်ချိုက်နယ်မြေ ရဲစခန်းမှ (ပ)၁၇/၂၀၁၈၊ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသိမ်းဆည်းရမိသည့် ငွေစက္ကူအတုများအား မှုခင်း ရဲတပ်ဖွဲ့ဝင်များမှ ပဏာမ စိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည် အစစ်ထက် အလျားနှင့် အနံ ၁ မီလီမီတာ စီတိုခြင်း၊ အရောင်မှေးမှိန်ခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာများ ပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာပါရှိပြီး အရောင်ပြောင်းလဲမှု မရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါရှိခြင်း တို့ကို တွေ့ရှိရပြီး ငွေစက္ကူ အတုများ ဝင်ရောက်လာသည့် လမ်းကြောင်းအား စိစစ်ဆဲ ဖြစ်ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။(Xinhua)