Connect with us

Social

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အပေါ် အလုပ်သမား အခွင့်အရေးများ တန်းတူ ပေးစေလိုဟု နိုင်ငံတော် သမ္မတမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော် က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများ အပေါ် အလုပ်သမား အခွင့်အရေးများ တန်းတူ အခွင့်အရေး ပေးစေလိုကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်မှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) မြဝတီ တည်ဆောက် ပြီးစီးပါက နှစ်နိုင်ငံ စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ကူးလူး ဆက်ဆံမှု ပိုမိုတိုးတက် လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ရုရှားနိုင်ငံ၌ မကြာမီ ကျင်းပတော့မည့် ရုရှား- အာဆီယံ အစည်းအဝေးတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးလို ပါကြောင်းနှင့် နိုင်ငံတော်သမ္မတ အနေဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် အတွက် ဖိတ်ခေါ်ပါကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်က ဆိုသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန်တွင် မြန်မာ ၊ ထိုင်း ၊ ဂျပန်သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ထားဝယ် ဆေးရုံကြီး အရေးပေါ်ဌာန အဆင့်မြှင့်တင် တည်ဆောက်ရေး ကိစ္စရပ်များ အပေါ် ဆွေးနွေးကြသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်မှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနု ဆူဗန်နာဂျာတာ လည်း တက်ရောက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.