Social
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦများ တည်ဆောက်
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံ ဘက်စုံသုံး အဆောက်အဦ ဆောက်လုပ်ပေးထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦသည် အိမ်ခြေ(၇၁၇)မှ လူဦးရေစုစုပေါင်း သုံးထောင်ကျော်ခိုလှုံ နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရွှေတောင်မြို့နယ် ကျွန်းကလေးရွာတွင်လည်း သဘာ၀ ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ တည်ဆောက်လျက်ရှိကြောင်း၊အဆိုပါအဆောက်အဦသည် ကျွန်းကလေးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာအုပ်စု၊ ရှားပင်ဇင်းကျေးရွာအုပ်စုနှင့် ကျောက်ထရံကျေးရွာ အုပ်စုများ၌ နေထိုင်ကြသည့် ပြည်သူ (၁၀,၆၇၇) ဦး သဘာဝဘေးဒဏ်ခိုလှုံနိုင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
နိုင်ငံတော်က တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း သဘာ၀ ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (၉၀)ကျော်ကို လိုအပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။အဆိုပါအဆောက်အဦးများသည် သဘာဝဘေးဒဏ် ကျရောက်မှု မရှိသော အချိန်များတွင် ရပ်ရွာစာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ မူလတန်းကြိုကျောင်းဖွင့်လှစ်ခြင်း၊ လူငယ် စင်တာဖွင့်လှစ်ခြင်း၊ ကျေးရွာဆေးပေးခန်းဖွင့်လှစ်ခြင်း၊ လူထုအခြေပြု ဗဟိုဌာန ဖွင့်လှစ်ခြင်းများ စသော ဘက်စုံအသုံးပြု နိုင်သည့် ဘေးဒဏ်ခံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)