Social
ပြည်ပသို့ တရားမဝင် သစ်များတင်ပို့သူများကို သစ်တောဥပဒေပုဒ်မဖြင့် တရားစွဲဆိုမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ပြည်ပသို့ တရားမဝင်သစ်များ တင်ပို့သူများကို မြို့နယ်တရားရုံးတွင် သစ်တောဥပဒေပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနသည် ဇန်နဝါရီ ၂၄ရက်နေ့တွင် အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်းရှိ ကုန်သေတ္တာအတွင်း ကျွန်းသစ်များကို စတင်ဖမ်းဆီးရမိပြီး ကွင်းဆက်အနေဖြင့် ဆက်လက် ဖမ်းဆီးရာ ဇန်နဝါရီ ၂၆ ရက်နေ့နှင့် ဇန်နဝါရီ ၂၈ ရက်နေ့များတွင် အဆိုပါ ဆိပ်ကမ်းဝင်းအတွင်းနှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ခြံတစ်ခြံတွင် သစ်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိပေါ် ဆက်လက် စစ်ဆေးရှာဖွေရာ ဇန်နဝါရီ ၃၁ရက်နေ့တွင် ရွှေပြည်သာမြို့ စက်မှုဇုန်-၃၊ ဦးထွန်းညိုလမ်း၊ ခြံအမှတ်(၁၇၀)နှင့် (၁၆/၆၄)ခြံဝင်းဂိုထောင်အ တွင်းမှ တရားမဝင် ပိတောက်သစ်ခွဲသားများ ခန့်မှန်းတန်(၂၅၀)ခန့်နှင့် တရားဝင်/မဝင် (စိစစ်ဆဲ)တမလန်းဗုံတို၊ ဓားရွေခန့်မှန်း(၃)တန်ခန့်၊ စုစုပေါင်း (၂၅၃)တန်ခန့်နှင့် တရားခံသုံးဦးတို့ကို ထပ်မံ ဖမ်းဆီးရမိပြီး မြို့နယ်တရားရုံးတွင် သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် ဦးတိုက်လျှောက်ထား တရားစွဲဆိုဆောင်ရွက်မည်ဖြစ်သည်။
ဇန်နဝါရီ ၂၄ရက်နေ့က ဖမ်းဆီးရမိသော ပြည်ပသို့တင်ပို့ခွင့်လျှောက်ထားသူ၊ ပဲမျိုးစုံနှင့်သစ်ရောင်း ဝယ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ၊ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများနှင့် အကောက်ခွန်လုပ်ငန်းများကို အဓိကပါဝင်လုပ်ဆောင်ပေးခဲ့သူ နှစ်ဦး စုစုပေါင်း လေးဦးကို အလုံမြို့နယ် သစ်တောဦးစီးအရာရှိမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ အလုံမြို့မရဲစခန်း (ပ)၂၆/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်မည်ဖြစ်သည်။(Xinhua)