Social
ပြန်လည်လက်ခံရေး စခန်းများတွင် အသုံးပြုရန် မီးစက်၂လုံးအတွက် အမေရိကန်ဒေါ်လာ ၁၄၀၀၀လှူဒါန်း
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောဒေသ တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည် လက်ခံရေး စခန်း(၂)ခုတွင် အသုံးပြုရန် ၂၀ ကေဗွီအေ မီးစက်(၂)လုံး ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁၄၀၀၀လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ၂၀ ကေဗွီအေ မီးစက်(၂)လုံးဝယ်ယူရန် အလှူငွေ အမေရိကန်ဒေါ်လာ (၁၄၀၀၀) ကို ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်လည် လက်ခံရေး စခန်းများ ဖြစ်ကြသည့် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းများတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော် တို့၏ ညှိနှိုင်းစီစဉ်မှုများအရ အဆောက်အဦ၊ ရေ၊ မီး၊ မိလ္လာ၊ ရိက္ခာနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များ အဆင်သင့် ရှိနေပြီဖြစ်ကြောင်း၊ သို့သော်ပြန်လည် လက်ခံရေးဆိုင်ရာ ကိစ္စရပ်များအတွက် မီးစက်(၂)လုံး ထပ်မံလိုအပ်လျက် ရှိသည်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့၏ တင်ပြချက်များအရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေဖြင့် ၂၀ ကေဗွီအေ မီးစက်(၂)လုံးဝယ်ယူရန် ကျသင့်သောငွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ပေးအပ်လှူဒါန်းမည်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်က ပြောကြားသည်။(Xinhua)