Social
ဘတ်စကား စနစ်သစ် အပြောင်းအလဲအား လေ့လာဆန်းစစ်မှုအရ ကားအရေအတွက် နှင့် ပြည်သူလူထု မညီမျှ ဖြစ်နေဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား
ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)
ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် စနစ်သစ်ဖြင့် ဘတ်စ်ကားလိုင်းများအား လေ့လာဆန်းစစ်မှုများ အရ ကားအရေအတွက် နှင့် ပြည်သူလူထု မညီမျှ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဇန်နဝါရီ ၁၇ ရက်တွင် YBS ကားလိုင်းဖြင့် လိုက်ပါ စီးနင်းခဲ့ရာတွင် ပြောကြားခဲ့သည်။
“ဒီနေ့လေ့လာ ဆန်းစစ်မှု လုပ်လိုက်တဲ့ အခြေအနေမှာ ကျွန်တော်တို့မှာ ရှိတဲ့ ကားအရေ အတွက် နဲ့ ပြည်သူလူထုက မညီမျှဘူးလို့မြင်တယ်။ကျွန်တော်တို့မှာ ရှိတဲ့ ကားအရေအတွက် ၃၀၀၀ ကျော်လုံး အကုန်ထွက်နေတယ်။ ဒီလို လူအစု အစု ဖြစ်နေတာ ယခင်တုန်းကလဲ ဆူးလေတို့၊ ပန်းဆိုးတန်းတို့မှာ ဖြစ်တယ်ပေါ့ဗျာ။ဒါဖြစ်လို့မဖြစ်ဘူး။ရုံးတက်ဆင်းချိန် ၊ ကျောင်းဆင်းချိန်တွေ ဖြစ်တယ်ဆိုတာ ဒါ ဖြစ်တာကို ပြေလည်ဖို့အတွက် ဖေဖော်ဝါရီ လကုန်လောက်မှာ ကားသစ်တွေ ရောက်လာဖို့အတွက် ကျွန်တော်တို့ ကြိုးစားမယ်။”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စကား စနစ်သစ် ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရ အဖွဲ့ဝင်များသည် အများပြည်သူ စီးနင်းနေသည့် YBS ကားလိုင်းဖြင့် လိုက်ပါ စီးနင်းပြီး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။
ယခု ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စ်ကား စနစ်သစ်နှင့် ပတ်သက်၍ လိုက်နာကျင့်သုံးနိုင်ရေး ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
YBS ကားလိုင်းဖြင့် လိုက်ပါစီးနင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား တွေ့ရစဉ်(ဆင်ဟွာ)
YBS ကားလိုင်းဖြင့် လိုက်ပါစီးနင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား တွေ့ရစဉ်(ဆင်ဟွာ)
“ဒီအပြောင်းအလဲဟာ ကျွန်တော်တို့နိုင်ငံရဲ ့အရေးကြီးတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ပိုပြီး အဆင့်မြင့်မားတဲ့ အခြေအနေကို ပြောင်းလဲရပါမယ်။ခုအခြေအနေဟာ စနစ်လေးပဲ ပြောင်းနိုင်ပါသေးတယ်။ အဆင့်မြှင့်တင်ဖို့လုပ်ပါမယ်။အချိန် သိပ်မယူပါဘူး။အမြန်ဆုံး ဆောင်ရွက်သွားနိုင်ဖို့အတွက် ဖေဖော်ဝါရီ ၊ မတ်လ လောက်တွင် တဆင့်တက်မယ်။”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် အားလုံး လိုက်ပါနိုင်သည့် အပြောင်းအလဲ ဖြစ်ရန် ကြိုးစား နေကြောင်း အသိပေး ပြောကြားခဲ့သည်။
ယခင် ပြေးဆွဲခဲ့သည့် စနစ်အား ပြောင်းလဲနိုင်ရန် မိမိ တစ်ယောက်တည်း ၊ အစိုးရ အဖွဲ့တစ်ခုတည်း ၊ YRTA တစ်ခုတည်း မလုပ်နိုင်ကြောင်း ပြည်သူတရပ်လုံး ပူးပေါင်း ပါဝင် ကူညီမှု ပါဝင်ကြောင်း ၊ ပြုပြင် ပြောင်းလဲမှုကို အင်တိုက်အားတိုက် ဝိုင်းဝန်း ပါဝင် ကူညီ ဆောင်ရွက်သည့် အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ (Xinhua)