Social
မေလ တတိယပတ်တွင် Water Taxi စတင်ပြေးဆွဲ ပေးသွားမည်

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် Water Taxi ကို လိုက်ပါစီးနင်းသူ ခရီးသည်တစ်ဦးလျှင် ခရီးစဉ်တစ်ကြောင်း စီးနင်းခ ငွေကျပ် ၃ဝဝ ဖြင့် မေလတတိယပတ်တွင် စတင်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “အဓိကက ယာဉ်ကြောပိတ်နေတာတွေကို ဖြေလျှော့နိုင်ဖို့ အတွက် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံတကာ မှာလည်း မြစ်ကြောင်းနဲ့ သယ်ယူ ပို့ဆောင်ရေးကို အသုံးပြုကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒါကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးစားကြည့်တာပါ’’ ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ပေးနိုင်ရန် ရန်ကုန်မြစ်အတွင်း အမြန်ရေယာဉ် Water Taxi ပြေးဆွဲနိုင်ရန်၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ မှစတင်လုပ်ဆောင်ခဲ့ပြီး ခရီးသွားပြည်သူများ အဆင်ပြေစေရန် ခရီးစဉ်တစ်ကြောင်းစီး နင်းလျှင် ငွေကျပ် ၃ဝဝ ဖြင့် လာမည့် မေလတတိယပတ်တွင် စတင်ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။လှိုင်သာယာ၊မြောက်ဒဂုံ၊ ရွှေပြည်သာ ဘက်မှ လူများ အနေဖြင့်လည်း Water Taxi စီးခြင်းအားဖြင့် ပန်းဆိုးတန်းဘက်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
လက်ရှိတွင် Water Taxi အမြန်ရေယာဉ်ကို အမြန်ဆုံးပြေးဆွဲနိုင်ရန် လက်မှတ် ရောင်းချမည့် နေရာများကိုလည်း ပြင်ဆင်ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)