Connect with us

Social

မြန်မာနိုင်ငံ သဘာဝဘေး တရုတ်နိုင်ငံ အပါအဝင် ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများမှ အဆက်မပြတ် ထောက်ပံ့ လှူဒါန်းမှုများရှိ


ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်း ရေကြီး ရေလျှံမှုများကြောင့် သဘာဝ ဘေးသင့်သူများကို နိုင်ငံတော် အစိုးရ ၊ တပ်မတော်နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီ လှူဒါန်းမှုများအပြင် အကူအညီပေးရန် ဖိတ်ခေါ် ဆောင်ရွက်ချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် ကုလသမဂ္ဂ ၊ ဥရောပ ၊ အာရှနိုင်ငံများ အသီးသီးမှ ယနေ့ထိ ကူညီ လှူဒါန်းမှုများ အဆက်မပြတ် ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ ရေဘေးသင့်သူများအတွက် အတွက် ယွမ် ၁၀ မီလီယံ ( အမေရိကန် ဒေါ်လာ ၁.၆၃ မီလီယံ) တန်ဖိုးရှိသော အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် ရေဘေးသင့် ဒေသများသို့ကိုယ်တိုင် သွားရောက်၍ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ ကူညီ လှူဒါန်းမှုများ ၊ တရုတ် အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့ Blue Sky Rescue Team မှ လာရောက်၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ချက်များနှင့်အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှလည်း ရေဘေးဒဏ်ခံ ပြည်သူများအား လှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်တင် မော်တော်ယာဉ်များဖြင့် ပေးပို့လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Mr. Chen Chen နှင့် တရုတ်လုပ်ငန်းရှင်များအသင်း တို့ မကွေးတိုင်းဒေသကြီးတွင် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများ လှူဒါန်းနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

ထို့ပြင် မြန်မာနိုင်ငံ၌ ရေကြီး မြေပြိုမှုကြောင့် ဘေးဒုက္ခများ ရင်ဆိုင်နေရသည့်အတွက် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းမှ စားနပ်ရိက္ခာနှင့် ကယ်ဆယ် ထောက်ပံ့ရေး အစီအစဉ်များအား လည်းကောင်း ၊ ဥရောပသမဂ္ဂ (EU) အဖွဲ့အစည်းမှ ယူရိုတစ်သန်းအား လည်းကောင်း ၊ ဥရောပ ကော်မရှင် (EC) အဖွဲ့အစည်းမှ အမေရိကန်ဒေါ်လာ ၁ . ၁ သန်း အား လည်းကောင်း ၊ ဗြိတိန် (UK) အစိုးရမှ ပေါင် ငါးသိန်းအပြင် အရေးပေါ် စားနပ်ရိက္ခာ ကူညီ ကယ်ဆယ်မှုများအား လည်းကောင်း ၊ ဆွစ်ဇာလန် အစိုးရမှ အမေရိကန် ဒေါ်လာ ၁၂၀,၀၀၀ အား လည်းကောင်း ၊ အမေရိကန် အစိုးရမှ အမေရိကန် ဒေါ်လာ ၆၀၀,၀၀၀ ကို လတ်တလော အကူအညီ အဖြစ်လည်းကောင်း ၊ ဂျပန်နိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲနှင့်အတူ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများအား လည်းကောင်း ၊ စင်ကာပူနိုင်ငံမှ ကြက်ခြေနီ ကယ်ဆယ်ရေးအဖွဲ့မှ အမေရိကန် ဒေါ်လာ ၁ သိန်းအား လည်းကောင်း ၊ ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ်နှင့်မိဖုရားတို့က ထိုင်းဘတ်ငွေ ၅ သန်းအား လည်းကောင်း အသီးသီး လှူဒါန်းမှုများအပြင် ဆက်လက် ကူညီထောက်ပံ့ရေး အစီအစဉ်များလည်း ရှိနေကြောင်း သိရသည်။

နိုင်ငံတကာ မှ လေကြောင်းဖြင့် ပေးပို့ထောက်ပံ့ လှူဒါန်းမှု အဖြစ် တရုတ် နိုင်ငံပိုင် CITIC Group မှ ရေဘေးသင့် ဒေသသို့ ရဟတ်ယာဉ် စေလွှတ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေပြီး အိန္ဒိယနိုင်ငံမှ တပ်မတော် လေယာဉ်များဖြင့် အရေးပေါ်စားနပ်ရိက္ခာ ၊ ဆေးဝါးများ ပေးပို့လှူဒါန်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဇွန်လနှင့် ဇူလိုင်လများတွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး သြဂုတ်လ ၆ ရက်အထိ လူပေါင်း ၈၈ ဦး သေဆုံးပြီး လူဦးရေ ၃၃၀,၀၀၀ ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးလယ်မြေဧက ၂၁၇,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.