Social
မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး အဆိုပြုလွှာမူကြမ်း တင်သွင်းမည်
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် အဆိုပြုလွှာမူကြမ်း တင်သွင်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၁၉ ရက်က ကျင်းပသော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် မောင်တောခရိုင်မှ တာဝန်ရှိသူများ တွေ့ဆုံပွဲ၌ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောကြားခြင်း ဖြစ်သည်။
ထိုသို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ် သတ်မှတ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၃၈၅ သိန်း အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပြီးစီးပါက ရခိုင်ပြည်နယ်အတွင်းရှိ အခြားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် စာရင်းကောက်ယူ ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါက ရခိုင်ပြည်နယ်၌ လေယာဉ်ကွင်းတည်ဆောက်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည့်အပြင် ဒေသနှင့် ဆက်စပ်လျက်ရှိသည့် အခြားစီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)