Social
ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ ကို မကြာမီထုတ်ပြန် ပေးသွားမည်
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့၏ ရှေးဟောင်း အမွေအနှစ် များကို ထိန်းသိမ်း ကာကွယ်ရန်နှင့် လက်ရှိ ရန်ကုန်မြို့၏ ဖြစ်နိုင်ခြေ အလားအလာ များကို ပြုစုထားသည့် ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ Yangon Heritage Strategy ကို မကြာမီထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် တစ်မြို့လုံးကို ခြုံငုံ ဆောင်ရွက်ရန် လိုအပ်ပြီး တခြားမြို့များ ၏ အားနည်းချက် များကို သင်ခန်းစာ ယူကာ လူဦးရေ တိုးပွားလာသည် နှင့်အမျှ ကွဲပြား စုံလင်လှသည့် လူ့အသိုင်းအဝိုင်း၊ ရိုးရာဓလေ့၊ စီးပွားရေးနှင့် သမိုင်း အကြောင်းအရာ တို့ကို မြို့ပြနေထိုင်မှု ဘဝထဲ၌ ပါဝင်အောင် ဆောင်ရွက် သင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ စိမ်းလန်းပြီး စနစ်တကျ ရေးဆွဲထားသည့် မြို့တည်ထားမှု နှင့် ယဉ်ကျေးမှု အမွေအနှစ် များစွာရှိနေပြီး ယင်းတို့သည် အာရှတိုက်၏ ရှားပါး လက်ကျန် သမိုင်းဝင်မြို့ပြ ရှုခင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံ မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ပါက အာရှ၏ အချက်အချာမြို့များ ဖြစ်သည့် ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဟောင်ကောင် နှင့် မနီလာ စသည့်မြို့များ ကဲ့သို့ ဖြစ်လာ နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)