Social
ရန်ကုန်မြို့၏ ၃၃ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို ပန်းဘဲတန်း မြို့နယ်ရှိ ယခင် စတီးဘရားသား ကုမ္ပဏီ အဆောက်အအုံတွင် တပ်ဆင်

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)
ရန်ကုန်မြို့၏ ၃၃ ခုမြောက် အပြာရောင် ကမ္ဗည်းပြားကို ပန်းဘဲတန်း မြို့နယ် ၊ ဗိုလ်ဆွန်ပက်လမ်းရှိ ယခင် စတီး ဘရားသား ကုမ္ပဏီ အဆောက်အအုံ ယခု Yangon Excelsior Hotel တွင် စက်တင်ဘာ ၂၈ ရက်က တပ်ဆင် ခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
လက်ရှိ Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင်ထားသော အဆောက်အအုံသည် စတီးဘရားသား ရုံးချုပ်၏ တိုးချဲ့အဆောက်အုံအဖြစ် ၁၉၃၀ ခုနှစ်ခန့်က တည်ဆောက်ခဲ့ကြောင်း ၊ ၁၉၆၀ ခုနှစ်ကျော်တွင် ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ် (၅) က အသုံးပြုပြီး နောက်ပိုင်းတွင် မြန်မာ့ကုန်တိုက် ရုံးချုပ် အဖြစ် လည်းကောင်း ၊ နယ်စပ် ကုန်သွယ်ရေးဌာန အဖြစ် ၂၀၀၈ ခုနှစ်အထိ လည်းကောင်း အသုံးပြုခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် အခန်း ၇၄ ခန်းပါ အဆင့်မြင့် ဟိုတယ်တစ်ခု ဖြစ်သည့် Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တာဝန်ရှိသူများ ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦး နှင့် ဘုတ်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံကို ဟိုတယ်အဖြစ်ပြောင်းလဲရာတွင် မူလလက်ရာများကို တတ်နိုင်သမျှ ဆက်လက် ပြင်ဆင် ထိန်းသိမ်း ထားသည့် အတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်အတွက် အမွေအနှစ် ထိန်းသိမ်းရေးဆုများတွင် Best Adaptive Reuse Award ကိုရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)