Connect with us

Social

၂၀၁၉ ခုနှစ်မှ စတင်ကာ ခွေးကောင်ရေ ၁ သန်း ကာကွယ်ဆေးထိုး စီမံချက် ဆောင်ရွက်လျက်ရှိဟုဆို  

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ခွေးကောင်ရေ ၁ သန်း ကာကွယ်ဆေးထိုးစီမံချက်ကို ယခု ၂၀၁၉ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး နှင့် နေပြည်တော်တို့တွင် စတင်ဆောင်ရွက်လျက် ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်ရခိုင်ပြည်နယ်ရှိ High Risk ဒေသများတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက နေပြည်တော်၌ စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ စီမံချက်ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် Four Paws International အဖွဲ့ တို့ပူးပေါင်း၍  ဆောင်ရွက် ကြောင်း သိရသည်။

ခွေးရူးရောဂါသည် ကာကွယ် ဆေးဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်ကြောင်း ၊ အိမ်မွေး တိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကြောင့် သေဆုံးမှုကို လျော့ပါး စေနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသည် ခွေးရူးရောဂါ ကူးစက် မှုဖြစ်ပွားသောနိုင်ငံတစ်ခုဖြစ်သည့်အတွက် ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းပျောက် ကွယ်သွားအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အခမ်းအနားတွင် ပြောကြားခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)တို့ ပူးပေါင်း၍ နိုင်ငံအတွက် ခွေးရူးရောဂါ လျော့ကျရေးကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင် ဖြစ်လာ မည့် အမျိုးသားအဆင့်ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာ မူဘောင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် အပြီးသတ်ရေးဆွဲအတည်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် ဆုံးရှုံးမှုများလျော့ပါးစေရန် အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်၊ ပုဂ္ဂလိက၊ မွေးမြူရေးသမား များ၊ အထောက် အပံ့ပေးသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ က ဟန်ချက် ညီညီ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး ၂၀၃ဝပြည့် နှစ်တွင် ခွေးရူးရောဂါ လူ၌ကူးစက်မှု “သုည” အထိလျော့ ချနိုင်ရေးဆိုသည့် ကမ္ဘာလုံး ဆိုင်ရာ ရည်မှန်းချက်လည်း အောင်မြင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ထည့်သွင်း ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက် ရေးနေ့၏ ဆောင်ပုဒ်မှာ “ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေး ကို ထိုးကြစို့” ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117